လက်ပံတန်း၊ ၈ ဇွန်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ဖျားနာ(သံသယ)လူနာတို့အား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid (RDT) ဖြင့် ဇွန် ၇ ရက်က စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃)ဦးရှိခဲ့ပြီး ၎င်းတို့နှင့်ထိတွေ့သူများအား ဆက်လက်စစ်ဆေးရာ (၇)ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိုဗစ်ပိုးတွေ့လူနာ (၁၀)ဦးအား ပြည်သူ့ဆေးရုံ Isolation Ward တွင် ထားရှိကုသဆောင်ရွက်လျက်ရှိပြီး ၎င်းပိုးတွေ့လူနာများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသူများဖြစ်ကြောင်း၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မတ် ၁၂ ရက်မှ ဇွန် ၃ ရက်အထိ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ်၌ ၄၆၈၂ ဦး၊ ဒုတိယအကြိမ်တွင် ၄၂၉၅ ဦးအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


