လက်ပံတန်း ၂၄ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ကျေးလက်ရေရရှိရေးလုပ်ငန်း ၁၈ ခုအား သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်က ကျေးရွာကော်မတီဝင်များအနေဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများအား ကျေးရွာပြည်သူ များရေရှည်အသုံးပြုနိုင် ကြစေရန် ကြီးကြပ်ထိန်းသိမ်းဆောင်ရွက်သွားကြရန်မှာကြားပြီး အခမ်းအနား တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကျေးလက်ရေ ရရှိရေးလုပ်ငန်းများကို ကျေးရွာကော်မတီဝင်များထံလွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများမှ ၁၄ ခုအားစံဟိုင်းကုမ္ပဏီမှ ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီး Lucky Bago ကုမ္ပဏီမှ ကျေးလက်ရေရရှိရေးလုပ်ငန်း ၄ ခုကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ကျေးလက်နေပြည်သူ ၇၈၀ဝ ကျော်ကိုအကျိုးပြုနိုင်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


