စစ်ကိုင်း ၂၂ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ဝက်တိုးကျေးရွာအနီးတွင် စိတ်ဝင်စားဖွယ်ရာ မြင်းခွါတောင် တည်ရှိသည်။ မြင်းခွါတောင်အနီးတွင် စိုက်ပျိုးရေးအတွက် အဓိကကျသော ရေများကို တစ်နှစ်ပတ်လုံး လွှတ်ပေးနေသည့် ကင်းတပ်ရေလွှဲတမံတစ်ခု တည်ဆောက်ထားသည်။ မြင်းခွါတောင်ပေါ်မှ ကင်းတပ်ရေလွှဲတမံ အလှရှုခင်းနှင့် ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှုနိုင်သည်။

မြင်းခွါတောင်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး တောင်ပေါ်နေရာအနှံ့တွင် မြင်းခွါရာများ တည်ရှိနေသည့်အတွက် ရှေးယခင်ကပင် မြင်းခွါတောင်ဟု ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်ရာတွင် မြင်းခွါတောင်တော်တွင် ခေတ္တစံမြန်းကာ စေတီပုထိုးများ တည်ထားတော်မူခဲ့သည်ဟု ဆိုထားသည်။ လက်ရှိကာလအထိ ဖောင်တော်ဦးစေတီကို ဖူးမြင်နိုင်သည်။

မြင်းခွါတောင်ပေါ်တွင် နေရာအနှံ့ မြင်းခွါရာများ ရှိသကဲ့သို့ပင် လိုဏ်ဂူငယ်များလည်းရှိသည်။ ရှေးယခင်က ထိုလိုဏ်ဂူများမှာ တစ်ဖက်နှင့်တစ်ဖက် ဆက်စပ်ကာ လူသွားလာနိုင်သော လိုဏ်ဂူများအဖြစ် တည်ရှိပြီး လက်ရှိကာလတွင် လိုဏ်ဂူအဝများ ပိတ်သွားသည်။ လိုဏ်ဂူများအပြင် ထူးခြားသော လိုဏ်ခေါင်းငယ်များစွာရှိပြီး လိုဏ်ခေါင်းငယ်များအတွင်း လက်ရာမြောက် ဗုဒ္ဓရုပ်ပွားတော်များကို တည်ထားကိုးကွယ်ထားသည်။ 

နှစ်စဉ် တရားစခန်းများရှိသလိုပင် အခါကြီးရက်ကြီးများတွင် မြင်းခွါတောင်နှင့် ကင်းတပ်ရေလွှဲတမံမှာ လူစည်ကားသော နေရာပင်ဖြစ်သည်။ မြင်းခွါတောင်မှာ သဘာဝပေါက်ပင်များ တည်ရှီပြီး တောင်တော်ပေါ်တွင် သားသတ်ခြင်း၊ တောလိုက်ခြင်း မပြုရန် တားမြစ်ထားသည်။ တောင်တော်ကို  ရွှေတောင်ဦးဆရာတော် သာသနာပြုခဲ့သည့်အတွက်  ဘုရားပုထိုးများကို သပ္ပါယ်ကြည်နူးဖွယ် ဖူးမြော်နိုင်သည်။ ဆရာတော် ပျံလွန်တော်မူပြီး နောက်ပိုင်းတွင်လည်း ဆက်လက်ထိန်းသိမ်းကာ သာသနာပြုလျက်ရှိသည်။ လက်ရှိကာလတွင် သဘာဝပေါက်ပင်များဖြင့် စိမ်းလန်းကာ ထူးခြားသော ကျောက်လိုဏ်ဂူများ၊ မြင်းခွါရာများရှိသော ထူးခြားသည့်မြင်းခွါတောင်ကို သွားရောက်ကာလေ့လာရင်း ပတ်ဝန်းကျင်အလှရှုခင်း၊ မူးမြစ်အလှရှုခင်း၊ ကင်းတပ်ရေလွှဲတမံ အလှရှုခင်းများကို ကြည့်ရှုနိုင်ကြောင်း သိရသည်။

တိမ်တမန်