ရန်ကုန်  ၂၃ ဧပြီ


မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းသည် လက်ရွေးစင်ညာနောက်ခံလူ ဒေးဗစ်ဒန်းကို သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းသည် မကြာမီစာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် ပြည်တွင်းကစားသမားများကို သက်တမ်းတိုးရန် ကြိုးပမ်းခဲ့ပြီး ဒေးဗစ်ဒန်းနှင့် စတင်သဘောတူညီမှုရခဲ့ခြင်း ဖြစ်သည်။ ဒေးဗစ်ဒန်းသည်
၂၀၁၈ ရာသီဝက်တွင် ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး မေလဒုတိယပတ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သောကြောင့် သက်တမ်းတိုးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်း တာဝန်ရှိသူများနှင့် ဒေးဗစ်ဒန်းတို့ တွေ့ဆုံညှိနှိုင်းပြီးနောက် နှစ်နှစ်သက်တမ်းတိုးရန် သဘောတူညီမှု ရခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖွယ်ရှိနေသည်။

 

ဒေးဗစ်ဒန်းသည် စာချုပ်သစ်အရ ၂၀၂၂ ခုနှစ်အထိ အသင်းတွင် ဆက်ရှိနေမည်ဖြစ်ပြီး အခြားအသင်းများ၏ ကမ်းလှမ်းမှုကို ရခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းတွင်သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

 

ရှမ်းယူနိုက်တက်အသင်းမှ အဓိက ကစားသမားအချို့သည် ယခုရာသီတွင် အသင်းမှထွက်ခွာသွားသော်လည်း ဝါရင့်ကစားသမား ဒေးဗစ်ဒန်းကို ဆက်ရှိရန် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။


ရှမ်းယူနိုက်တက်အသင်းသည် လာမည့်ရက်ပိုင်းအတွင်း စာချုပ်သက်တမ်းကုန်ဆုံးမည့် ဒွေးကိုကိုချစ်ကို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း သတ်မှတ်ထားသည့် လစာနှုန်းထားအတိုင်း ဆက်လက်ပေးချေ မည်ဖြစ်ကြောင်း ဒုတိယအမှုဆောင်အရာရှိချုပ် ဦးရဲမျိုးထွန်းက အတည်ပြုပြောကြားခဲ့သည်။  ဗိုင်းရပ်စ်ဖြစ်ပွားနေသည့် ကာလအတွင်း စာချုပ်သစ်ကိစ္စ မဆောင်ရွက်မီ အခက်အခဲ မဖြစ်ပေါ်စေရန် ဆောင်ရွက် ပေးခြင်းဖြစ်ပြီး ဘောလုံးပြိုင်ပွဲများ ပြန်လည်စတင်ပါက စာချုပ်သစ်ကိစ္စ ဆွေးနွေးမည်ဖြစ်သလို အခြားအသင်းသို့ ပြောင်းရွှေ့ပါကလည်း ခွင့်ပြုပေးသွားမည်ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပုံမှန်ဝင်ငွေရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေစေရန် ရှမ်းယူနိုက်တက် အသင်းဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေက ဒွေးကိုကိုချစ်အတွက် စီစဉ်ပေးခြင်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်