၁၅ အောက်တိုဘာ

 

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံမျှော်မှန်းထားပြီး မျှော်မှန်းချက်ပြည့်မီနိုင်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် က ပြောသည်။

 

"ဒီနှစ်ထဲမှာ ကျွန်တော်တို့ Ease of Doing Business Ranking ကလည်း တက်လာမယ်၊ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများမှတ်ပုံတင်ကြေးကိုလည်း လျှော့ချတယ်၊ နောက်တစ်ခါ ကမ္ဘာပေါ်မှာ AsianDevelopment Bank က ဆန်းစစ်ထားတဲ့ အချက်လည်းရှိပါတယ်၊ မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေက ဘယ်လိုရှိတယ်၊ နောက်ထပ်ဘာကြောင့် တိုးတက်နိုင်သလဲဆိုတဲ့ Asian Development Bank Report လည်းရှိပါတယ်၊ ဒီ Report တွေအရဆိုရင် ကျွန်တော်တိ်ု့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ Target က ရောက်မယ်လို့ ထင်ပါတယ်"ဟု  ဦးသန့်စင်လွင် က ပြောသည်။

 

ထို့ပြင် ယခုဘဏ္ဍာနှစ်တွင် မျှော်မှန်းချက်ပြည့်မီရန် လာမည့်ဒီဇင်ဘာလထဲတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

 

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံမျှော်မှန်းထားသော်လည်း  ၄ ဒသမ ၅ ဘီလီယံသာ ဝင်ရောက်ခဲ့သဖြင့် မျှော်မှန်းချက်ထက် တစ်ဘီလီယံကျော် လျော့နည်းခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

ထိုသို့ မျှော်မှန်းချက်ထက် လျော့နည်းခဲ့ခြင်းမှာ ပမာဏကြီးသည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် ရှိသော်လည်း ယင်းလုပ်ငန်းများကို ဌာနအတွင်း လိုအပ်ချက်များ စုံစမ်းနေဆဲကြောင့်ဖြစ်ကြောင်း ဦးသန့်စင်လွင် က ထပ်မံပြောကြားသည်။

 

ထိုလုပ်ငန်းများသည် အခြေခံအဆောက်အအုံနှင့် လျှပ်စစ်လုပ်ငန်းများဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

မြန်မာနိုင်ငံ၌ ၁၉၈၈ မှ ၂၀၁၉ စက်တင်ဘာလကုန်အထိ နိုင်ငံ ၅၀ မှ စီးပွားရေး ကဏ္ဍ ၁၂ ခုတွင်လုပ်ငန်း ၁,၈၃၇ ခု ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းတန်ဖိုး ဒေါ်လာ ၈၁ ဒသမ ၈ ဘီလီယံရှိပြီး ရင်းနှီးမြှုပ် နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများသည် စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့ဖြစ်ကာ အဓိကရင်းနှီးမြှုပ်နှံသော လုပ်ငန်းများသည် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ လျှပ်စစ်ကဏ္ဍနှင့် ကုန်ထုတ်လုပ်ငန်းတို့ ဖြစ်သည်။

 

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၉ ဒသမ ၄ ဘီလီယံ၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ဒေါ် လာ ၆ ဒသမ ၆ ဘီလီယံ၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၅ ဒသမ ၇ ဘီလီယံနှင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၅ ဘီလီယံ တို့ဖြစ်သည်။

 

Nyein Nyein