ရန်ကုန် ၃၁ ဩဂုတ်
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၂) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။
သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက စစ်ကိုင်းအသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲရပ်နားပြီး ပြန်လည်ကျင်းပသည့်အချိန်တွင် နိုင်ပွဲဆက်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် သုံးပွဲဆက်အနိုင်ရလဒ်နှင့်အတူ ဂိုးပြတ်နိုင်ပွဲပါ ရယူနိုင်ခဲ့သောကြောင့်ကျေနပ်စရာဖြစ်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် နောက်မှလိုက်ကစားခဲ့ရသော်လည်း စစ်ကိုင်းအသင်း၏ ခံစစ်အားနည်းမှုကြောင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများဖြစ်သည့် ရွှေကိုနှင့် ဇွဲသက်ပိုင်ကိုလည်း ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ စစ်ကိုင်းအသင်းသည် နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့သော်လည်း ရာသီအစက ခြေစွမ်းမျိုးမတွေ့ရသေးဘဲနှစ်ပွဲဆက် ဂိုးပြတ်အရေးနိမ့်ခဲ့သည်။ မိနစ် ၄၀ တွင် ပက်ထရစ်၏ဂိုးကြောင့် စစ်ကိုင်းအသင်း ဦးဆောင်ဂိုးရခဲ့သော်လည်း နှစ်မိနစ်အကြာတွင် နောက်ခံလူဆူလီမန်အူ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ ရှမ်းအသင်း ချေပဂိုးပြန်ရခဲ့ပြီး ပထမပိုင်းတွင် တစ်ဂိုးစီသရေကျနေသည်။ ဒုတိယပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းကအနိုင်ဂိုးရရန် အားထည့်ကစားလာပြီး ပထမပိုင်းတွင် အဆုံးသတ်အားနည်းခဲ့သည့် ရှမ်းတိုက်စစ်မှာ အနိုင်ဂိုးလေးဂိုးသွင်းယူနိုင်ခဲ့၍ ကျေနပ်စရာဖြစ်ခဲ့သည်။
စစ်ကိုင်းအသင်း ခံစစ်မှာ ယခုပွဲတွင် လိုအပ်ချက်များပြားခဲ့ပြီး ရှမ်းအသင်း၏ တောင်ပံများကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် အခွင့်အရေးများစွာ ပေးခဲ့ရသည်။
ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၆၁ မိနစ်တွင် ရွှေကို၊ ၇၁ မိနစ်တွင် အဘူဘာကာ၊ ၇၆၊ ၇၈ မိနစ်တွင် ဒွေးကိုကိုချစ်တို့က သွင်းယူခဲ့သည်။
YUSC ကွင်း၌ကျင်းပသည့်ပွဲတွင် မကွေးအသင်းနှင့် ရခိုင်အသင်းတို့ နှစ်ဂိုးစီသရေကျခဲ့သည်။ ပထမအကျော့တွင်လည်း သရေကျခဲ့သည့် မကွေးနှင့် ရခိုင်အသင်းသည် ယခုပွဲတွင်လည်း အပြန်အလှန်သွင်းဂိုးများဖြင့် သရေတစ်မှတ်စီသာ ခွဲယူခဲ့သည်။ ပြိုင်ပွဲပြန်လည်စတင်ချိန်တွင် ပထမဆုံးနိုင်ပွဲရယူနိုင်ရန် နှစ်သင်းစလုံးကြိုးစားခဲ့သော်လည်း သရေပွဲဖြင့်သာ ပြီးဆုံးခဲ့သည်။ မကွေးအသင်းအတွက် ဦးဆောင်ဂိုးများကို ၇၊ ၅၅ မိနစ်တွင် ပြည်မိုးက သွင်းယူပြီး ရခိုင်အသင်းအတွက် ချေပဂိုးနှစ်ဂိုးစလုံးကို ချမ်းဦးက ၄၇၊ ၈၄ မိနစ်တွင် သွင်းယူခဲ့သည်။
ပွဲစဉ် (၁၂) အပြီးတွင် ဟံသာဝတီအသင်းက ၂၇ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၂၄ မှတ်၊ ရန်ကုန်အသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၂၀ စီ၊ ရခိုင်အသင်းက ၁၄ မှတ်၊ ရတနာပုံနှင့် စစ်ကိုင်းအသင်းက ၁၀ မှတ်စီ၊ မကွေးအသင်းက ခုနစ်မှတ်၊ အားကာသိပ္ပံအသင်းက လေးမှတ်၊ Southern အသင်းက သုံးမှတ် ရရှိထားသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်