ဝါရှင်တန် နိုဝင်ဘာ ၁၀
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် နိုဝင်ဘာ ၁၃ ရက်တွင် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာလိုက်သည်။
အာဏာလွှဲပြောင်းမည့် သမ္မတသည် ထုံးတမ်းအစဉ်အလာအတိုင်း ရွေးကောက်ခံသမ္မတကို လက်ခံ ကြိုဆိုခြင်းဖြစ်သည်။ သို့သော်လည်း ထရမ့်သည် ပြန်လည်ရွေးကောက်ခံမှုရှုံးနိမ့်ခဲ့သော ၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ဘိုင်ဒင်ကို ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ယခုအကြိမ် အကူးအပြောင်း၌ လာမည့်အစိုးရ အဖွဲ့သို့ ငြိမ်းချမ်းစွာကူးပြောင်းမှုဖြစ်စေမည်ဟု ဘိုင်ဒင်က နိုဝင်ဘာ ၇ ရက်က နိုင်ငံတော်မိန့်ခွန်းပြောကြားစဉ် ကတိပြုပြောကြားထားသည်။ ထရမ့်သည် လွန်ခဲ့သည့် နိုဝင်ဘာ ၆ ရက်တွင် အောင်ပွဲခံမိန့်ခွန်းပြောကြားပြီးကတည်းက အများ ပြည်သူ ရှေ့မှောက်သို့ ထွက်ပေါ်လာခြင်းမရှိသေးပေ။
ရွေးကောက်ခံသမ္မတသည် နိုင်ငံတောင်ပိုင်း ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏နေအိမ်တွင် မဲဆွယ် စည်းရုံးရေး အမှုဆောင်များနှင့်အတူ အစိုးရအဖွဲ့အတွက် ကိုယ်စားလှယ်လောင်းများကို ထည့်သွင်း စဉ်းစားနေပုံရကြောင်း သိရသည်။
ထရမ့်က မဲဆွယ်စည်းရုံးရေးမန်နေဂျာ ဆူဇီဝိုင်းလ်ကို အိမ်ဖြူတော် အရာရှိချုပ်အဖြစ် နိုဝင်ဘာ ၇ ရက်တွင် ခန့်အပ်ကြောင်း ကြေညာလိုက်ပြီးကတည်းက နောက်ထပ်ကြေညာချက်အသစ် ထုတ်ပြန်ခြင်းမရှိသေးပေ။
အင်န်အိတ်ချ်ကေ