ခြူးစန္ဒီနွေး

 

ဝိုင်တွေထည့်ထားတဲ့ စည်ပိုင်းကို တင်ဆောင်လာတဲ့ယာဉ်ဟာ အရက်ချက်စက်ရုံဆီကို ဦးတည်ပြီး မောင်းနှင်လာပါတယ်။ အရက်ချက်စက်ရုံတွေဆီ ဝိုင်တွေပို့လိုက်ဖို့ဆိုတာ အရင်သီတင်းပတ် တွေကတည်းက ချခဲ့တဲ့ဆုံးဖြတ်ချက် တစ်ခုပါ။

ရှေ့ဆက်ဘာလုပ်ရမလဲ

ဝိုင်ထုတ်လုပ်သူတွေဟာ စိတ်မကောင်းခြင်းကြီးစွာနဲ့ပဲ ဒီဆုံးဖြတ်ချက်ကို ချခဲ့ရပါတယ်။ မကြာခင်မှာပဲ ဒီဝိုင်တွေဟာ လက်သန့်ဆေးရည်အဖြစ် ပြောင်းလဲသွားတော့မှာပါ။ ဝိုင်ထုတ် လုပ်သူတစ်ဦးဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ဂျရိုမိုမာဒါကတော့ သူ့ဆီက ဝိုင်တွေကို အရက်ချက်စက်ရုံဆီ ပေးပို့လိုက်ပြီလို့ ပြောပါတယ်။

ရှေ့ဆက်ပြီး ဘာလုပ်ရမလဲဆိုတာကို ဒီထက်ပိုပြီးလည်း မတွေးတတ်တော့ဘူးလို့ တိတ်ဆိတ်စွာပဲ ပြောပြပါတယ်။ ပြင်သစ်နိုင်ငံမှာရှိတဲ့ အခြားသော ဝိုင်ထုတ်လုပ်ရေးဒေသတွေမှာ လည်း ထောင်နဲ့ချီတဲ့ ဝိုင်ထုတ်လုပ်သူတွေဟာ အလားတူအဖြစ် အပျက်မျိုးနဲ့ ကြုံတွေ့နေရပါတယ်။

ဝိုင်ဈေးကွက်ပြိုလဲ

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ် - ၁၉ ကြောင့် စီးပွားရေး ထိခိုက်ရတဲ့အထဲမှာ ဝိုင်လုပ်ငန်းတွေလည်း အပါအဝင်ပါပဲ။ ဒီကြားထဲ သမ္မတ ထရမ့်ရဲ့ အခွန်စည်းကြပ်မှုကြောင့် အခြေအနေ ပိုမိုဆိုးရွားစေခဲ့ပါတယ်။

အမေရိကန်သမ္မတ ထရမ့်ဟာ ဥရောပနဲ့ ကုန်သွယ်ရေးအငြင်းပွားမှုအတွင်းမှာ ပြင်သစ်ဝိုင်တွေအပေါ် အခွန်စည်းကြပ်မှု ၂၅ ရာခိုင်နှုန်းအထိ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုမျိုး အဘက်ဘက်က ရိုက်ခတ်မှုတွေကြောင့် ဝိုင်ဈေးကွက်လည်း ပြိုလဲရတာပါပဲ။

သိုလှောင်စရာ နေရာမရှိတော့

မစ္စတာမာဒါကတော့ အရည်အသွေးကောင်းတဲ့ ဝိုင်တွေကို အတ္တလန္တစ်မှာရှိတဲ့ ဈေးဆိုင်တွေ၊ စားသောက်ဆိုင် တွေကို တင်ပို့တဲ့ လုပ်ငန်းရှင်တစ်ဦးပါ။

အခုတော့ သူဒီဈေးကွက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက ဆုံးရှုံးခံလိုက်ရပါတယ်။ ကိုဗစ် - ၁၉ ဆိုတာ ကျွန်တော်တို့ အတွက်တော့ ကြီးမားလှတဲ့ကပ်ဘေးကြီးတစ်ခုပါလို့ သူက ဆက်ပြောပါတယ်။

ဒေသတွင်း ကျော်ကြားလှတဲ့ ဝိုင်ဖြူဟာ လက်သန့်ဆေးရည် အဖြစ်သာ နိဂုံးချုပ်ရပါတော့မယ်။ အခြားသော ဝိုင်ထုတ်လုပ်ရေး လုပ်ငန်းရှင်တွေလိုပါပဲ မစ္စတာမာဒါရဲ့ မြေတိုက်ခန်းထဲမှာ ဝိုင်တွေ သိုလှောင်ထားစရာနေရာ မရှိတော့ပါဘူး။ မြေတိုက်ထဲမှာ မရောင်းရတဲ့ဝိုင်တွေနဲ့ ပြည့်နေတာကြောင့် နောက်ထပ်ရောက် လာမယ့် ဝိုင်တွေအတွက် ထားစရာနေရာ မရှိတော့ပါဘူး။

တစ်ခုတည်းသော ရွေးချယ်မှု

မရောင်းရဘဲနဲ့ ထပ်ပြီးသိုလှောင်ထားဖို့ ဆိုတာ မဖြစ်နိုင် တော့ဘူးလို့ သူက ဆက်ပြောပါတယ်။ ၂၀၂၀ ကောက်ရိတ်သိမ်း ချိန်မှာတော့ အရင်ကထက် သီးနှံတွေဟာ ပိုကောင်းနေတယ်။ ဒါပေမယ့်လည်း ဝိုင်စည်တွေ ထပ်မံထုတ်လုပ်နိုင်ခြင်းတော့ မရှိ တော့ဘူး။ ဒီဝိုင်တွေကို အရက်ချက်စက်ရုံတွေဆီ ပို့လိုက်တာဟာ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်လာခဲ့ပါတယ်။

တိတ်ဆိတ်နေကြ

မနက်တိုင်း မနက်တိုင်းမှာ အရက်ချက်စက်ရုံက မော်တော် ကားမောင်းသူဟာ ဝိုင်ထုတ်လုပ်သူတွေဆီကို သွားတယ်။ သူသွားတိုင်း လုပ်ငန်းရှင်အချို့ဟာ စကားတောင်ပြန်မပြောနိုင် အောင် တိတ်ဆိတ်နေကြတယ်။

ဘာလို့လဲဆိုရင် သူတို့ လက်သန့်ဆေးရည်ဖန်တီးဖို့ အရက်ချက်စက်ရုံကို ပေးပို့လိုက်ရတဲ့ ဝိုင်တွေဟာ စီးပွားရေးအရ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ဖြစ်နေလို့ပါပဲလို့ ယာဉ်မောင်းတစ်ဦး ဖြစ်တဲ့ လူးကက်စ်နီရက်က ပြောပါတယ်။

ရွေးချယ်စရာမရှိတော့

ရောင်းနိုင်တာထက်ပိုပြီး ထုတ်လုပ်မိခဲ့ကြတယ်လို့ ဝိုင်ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ သီဘော့စပတ်က ပြောပါတယ်။ အခုအခါမှာတော့ ကျွန်တော်တို့မှာ ဘာမှရွေးချယ်စရာမရှိတော့ ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒိုမိန်းဘောရက်ဆုကတော့ သူ့မိသားစုပိုင် ဝိုင်လုပ်ငန်းက ၃၀ ရာခိုင်နှုန်းသော ဝိုင်တွေကို အရက်ချက်စက်ရုံတွေဆီ ပို့လိုက်ရပါတယ်။

ဒီဝိုင်တွေကို ထုတ်လုပ်ခဲ့တုန်းက ဒီလိုမျိုး အဆုံးသတ်သွားရ လိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။ နှစ်ချို့ဝိုင်တွေကို ဒီလိုနည်းနဲ့ သုံးဖြုန်းပစ်ရမယ်လို့ သူတို့ မထင်ခဲ့ ကြပါဘူး။ အဲဆက် တစ်ခုတည်းမှာပဲ ဝိုင်လီတာပေါင်း ခြောက်သန်း၊ ဂါလန်အားဖြင့် ၁ ဒသမ ၅ သန်းဟာ ဒီနည်း အတိုင်းပဲ အဆုံးသတ်သွားရပါတယ်။

နေရာလွတ်မရှိတော့

မစ္စတာ မာဒါကတော့ သူ့ရဲ့ ဝိုင်ထုတ်လုပ်ရေးကနေ ၁၅ ရာခိုင်နှုန်းသော ဝိုင်တွေကို အရက်ချက်စက်ရုံတွေ ပေးပို့ခဲ့ ရပါတယ်။ အရက်ချက်ခြင်းနဲ့ ပေါင်းခံခြင်းလုပ်ငန်းတွေကို တရစပ်လုပ်နေရတယ်လို့ ကုမ္ပဏီဒါရိုက်တာ အာဝင်ဘရူးရက်က ပြောပါတယ်။

“ဝိုင်ထုတ်လုပ်သူတွေအတွက်တော့ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ သူတို့သိုလှောင်ထားရတဲ့ ပမာဏဟာ အလွန်ပဲများနေတော့ ဝိုင်ထုတ်လုပ်သူတွေလည်း ဒီထက်ပိုပြီး နေရာလွတ်မရှိတော့ဘူး။ ဒီနှစ်အတွက် ကောက်ရိတ်သိမ်းချိန် ကလည်း စောလွန်းသွားတယ်” လို့ သူက ဆက်ပြောပါတယ်။

အစိုးရရဲ့ကူညီမှု

ပြင်သစ်အစိုးရကတော့ တန်ဖိုးရှိလှတဲ့ ဝိုင်ယဉ်ကျေးမှု အတွက် စိုးရိမ်ပူပန်နေကြရပါတယ်။ အဲဒီအတွက်ကြောင့်မို့ အချို့သော ဝိုင်ထုတ်လုပ်သူ ၅၀၀၀ ကို ထောက်ပံ့ကြေးနဲ့ နစ်နာကြေးပေးတာမျိုးတွေ လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်လီတာကို တစ်ဒေါ်လာအောက် နည်းတဲ့ဈေးနဲ့ ဈေးဖြတ်ခဲ့ရ ပါတယ်။

ဝိုင်ထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဂီယို ကလောက်စ်ကတော့ သူ့ရဲ့ မြေတိုက်ခန်းသိုလှောင်ရုံဟာ ပေါက်ကွဲလုမတတ်ပြည့်နေပြီလို့ ပြောပါတယ်။

ဒီဝိုင်တွေကိုသာ ဖြုန်းမပစ်နိုင်ဘူးဆိုရင် စားသောက်မှု အတွက်လည်း အခက်တွေ့ လာမယ် ။ဒီအခြေအနေမျိုးနဲ့ကြုံရတာ ဟာ တကယ့်ကို ဝမ်းနည်းစရာပဲ။ လုပ်ငန်းလည်ပတ်ဖို့တော့ သင့်တော်တဲ့ ဝင်ငွေရဖို့ မလွယ်တော့ဘူးလို့ သူက ဆက်ပြော ပါတယ်။

အတားအဆီးများရှိနေ

၂၀၀၉ခုနှစ်တုန်းကလည်း ဘဏ္ဍာရေးပြိုလဲမှုဖြစ်စဉ်ကြောင့် အလားတူဖြစ်ရပ်မျိုး ကြုံတွေ့ဖူးပေမယ့် အဲဆက်ဒေသမှာတော့ ဒါဟာ ပထမဆုံးအကြိမ် အကျပ်ရိုက်ခြင်းလို့ ပြောရင်လည်း မမှားပါဘူး။

ကိုဗစ်- ၁၉ ကြောင့် စီးပွားရေးအခြေအနေ ဆိုးရတဲ့အထဲ ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေကြောင့် ပြည်ပကို တင်ပို့ဖို့ဆိုတာ လည်း အတားအဆီးတွေရှိနေပြီး အမေရိကန် ဈေးကွက် ကတော့ အပိတ်ခံထားရတယ်။ ပြင်သစ်နိုင်ငံအပြင်ဘက်ကို နည်းနည်း လောက်ပဲ ပစ္စည်းထုတ်လို့ရနေတယ်လို့ လွတ်လပ်သော ဝိုင်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဖရန်စစ်ဘက်ကက်က ပြောပါ တယ်။ ဆိုင်တွေကလည်း ပိတ်ထားရသလို ပြည်ပကို တင်ပို့ဖို့က လည်း အပိတ်ခံထားရတယ်လို့ သူက ဆက်ပြောပါတယ်။ ဝိုင်လက်ကားရောင်းချသူတွေဟာလည်း ၇၀ ရာခိုင်နှုန်း ဝိုင်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

စိတ်ဓာတ်ရေးရာပါ ပြိုလဲ

ငွေရေးကြေးရေးအရ ဆုံးရှုံးမှုတင်မကပါဘူး။ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာလည်း ပြိုပျက်ကုန်ပါတယ်။ အခုဆိုရင် ဝိုင်လုပ်ငန်းရှင် တွေဟာ သူတို့လုပ်ငန်းနဲ့ပတ်သက်ပြီး ဘာမှသိပ်မပြောချင်ကြ တော့ပါဘူး။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်းမှုတွေကို အချို့ သော ဝိုင်ထုတ်လုပ်သူတွေဟာ မဖြေချင်ကြပါဘူး။ ဝိုင်လုပ်ငန်း ရှင် အချို့ဟာ သူတို့ရဲ့ဝိုင်တွေကို အရက်ချက်စက်ရုံဆီပို့ပစ်ဖို့ အတော်လေး စဉ်းစားခဲ့ကြပါတယ်။

ဈေးကွက် တစ်နေ့ကောင်းလာနိုး၊ ကောင်းလာနိုးနဲ့ မနက်ဖြန်တွေကို မျှော်လင့်ခဲ့ကြပါတယ် ။ မတတ်သာတဲ့အဆုံးမှာ တော့ ဒီဆုံးဖြတ်ချက်ကို ချလိုက်ရတာပါ။ အဲဆက်ဒေသမှာရှိတဲ့ ဝိုင်ထုတ်လုပ်သူတွေအတွက်တော့ ဒီအချိန်ဟာ စိတ်ထိခိုက် ကြေကွဲရဆုံးအချိန်ပါပဲ။ ။

ကိုးကား- နယူးယောက်တိုင်းမ်