နေပြည်တော်  အောက်တိုဘာ  ၂၅

ယခုသင်တန်းကို လုပ်ငန်းခွင်သို့ စတင်ဝင်ရောက်သည့် ဝန်ထမ်းသစ်များ အတွက် လုပ်ငန်းနယ်ပယ်တွင် အခြေခံလိုအပ်ချက်ဖြစ်သည့် အတတ်ပညာ၊ ဗဟုသုတများကို သိရှိနားလည် တတ်မြောက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးတင်ဉီးက ပြောကြားသည်။    

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ် သည့် လက်ထောက်စာရင်းစစ်မှူးများစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း  အမှတ်စဉ် (၃/၂၀၂၂ ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းစစ်ဆေးခြင်းသည် အဖွဲ့ဖြင့် ဆောင်ရွက်ရသော ပညာရပ်ဆိုင်ရာလုပ်ငန်းဖြစ်ရာ အတတ်ပညာ၊ အသိပညာဆိုင်ရာ အခြေခံကောင်းများ ပြည့်ဝနေစေရန် လိုအပ်သကဲ့သို့ အဖွဲ့အစည်းစိတ်ဓါတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်ရန်နှင့် အဖွဲ့ခေါင်းဆောင်၏ လမ်းညွှန်မှုကို နားလည် လက်ခံဆောင်ရွက်နိုင်သည့် နောက်လိုက်ကောင်းများဖြစ်ရန် လိုအပ်ပါကြောင်း။

 ဤသင်တန်းမှ စာတွေ့၊ လက်တွေ့သင်ကြားမှုများကို အလေးအနက်ထား လေ့လာမှတ်သားရမည့်အပြင် စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းများကို ဆောင်ရွက် ရန်လိုပါကြောင်း၊  မိမိတို့ရုံးသည် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကို စစ်ဆေးခြင်းဖြင့် ကြီးကြပ် ထိန်းကျောင်းပေးလျက်ရှိရာ ထိုတာဝန်၏အရေးပါမှုကို သိရှိနားလည်ပြီး “ရိုးရိုး ကျင့်မြင့်မြင့်ကြံ” ဟူသည့် ခံယူချက်ကောင်းဖြင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင် ရွက်ကြစေလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြားပို့ချမှုများကို လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ ပြန်လည်အသုံးချ၍ ကျင့်ဝတ်၊ သိက္ခာများနှင့်အညီ ပြည်သူ့အကျိုး သယ်ပိုးဆောင်ရွက် နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂၅ ရက်ထိ (၁)လကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေရှိ  စာရင်းစစ်ရုံးများ နှင့် ဒေသစာရင်းစစ်ရုံးအသီးသီးမှ သင်တန်းသားစုစုပေါင်း ၂၉ ဦး တက်ရောက်ကြမည် ဖြစ်ကာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဉပဒေ၊ စစ်ဆေးရေး၊ အခြေခံစာရင်းကိုင်ပညာ၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဦးစီးဌာနစာရင်းပညာ၊ စတိုပစ္စည်းစာရင်းထား နည်းနှင့် အမှုတွဲထိန်းခြင်း ဘာသာရပ်များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

(သတင်းစဉ်)