နေပြည်တော် မေ ၂
လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် -၁/၂၀၂၂ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်)၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က ယခုသင်တန်းကို လုပ်ငန်းခွင်ဝင် ဝန်ထမ်းသစ်များအနေဖြင့် မိမိတို့လုပ်ငန်း၏ သဘောသဘာဝ၊ လုပ်ငန်းတာဝန်များကို သိရှိနားလည်၍ စည်းကမ်းပြည့်ဝပြီး နိုင်ငံတကာအဆင့်မီသည့် ပြည်သူ့ဝန်ထမ်းကောင်းများ၊ စာရင်းစစ်ကောင်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အလေးထားဖွင့်လှစ်ပေးရခြင်း ဖြစ်ပါကြောင်း၊ စစ်ဆေးရေး ဝန်ထမ်းများသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကို တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်သုံးစွဲသည့် ပြည်သူ့ဘဏ္ဍာငွေများကို အမှန်တကယ်အကျိုးဖြစ်ထွန်းစေမှုရှိမရှိ၊ စီမံခန့်ခွဲရေးဆိုင်ရာထိရောက်မှု ရှိ မရှိနှင့် ရရှိမည့်ရငွေများကို ပြည့်ပြည့်ဝဝ ကောက်ခံရရှိမှု ရှိ မရှိတို့ကို စိစစ်ကြီးကြပ် စစ်ဆေးရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စံသတ်မှတ်ချက်များ အပေါ်အခြေခံ၍ ကျင့်ဝတ်များနှင့်အညီ စစ်ဆေးရမည်ဖြစ်သဖြင့် အတတ်ပညာပိုင်းဆိုင်ရာ၊ အသိပညာ ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အရည်အချင်းများ ပြည့်ဝနေစေရန် လိုအပ်ပါကြောင်း၊ သို့ပါ၍ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဉပဒေ၊ မြန်မာနိုင်ငံစာရင်း ကောင်စီဥပဒေ၊ စာရင်းစစ်နှင့် စာရင်းကိုင်စံများ၊ နိုင်ငံတကာစာရင်းစစ် စံများအပြင် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့်ဉပဒေ၊ နည်းဉပဒေနှင့် ကျင့်ဝတ်များကို သိရှိနားလည်စေရန်နှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု၊ ထိတွေ့သင်ကြားမှုများ၊ လက်တွေ့ကွင်းဆင်းမှုများရှိစေရန် ယခုသင်တန်းတွင် ဆွေးနွေးသင်ကြားသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ ဘာသာရပ်များအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဉပဒေ၊ စစ်ဆေးရေး၊ အခြေခံစာရင်းကိုင်ပညာ၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဦးစီးဌာနစာရင်းပညာ၊ စတိုပစ္စည်းစာရင်း ထားနည်းနှင့် အမှုတွဲထိန်းခြင်း ဘာသာရပ်များအပြင် စာရင်းစစ်ရုံး ဝန်ထမ်းများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ကျင့်ဝတ်နှင့် စည်းကမ်းဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန်များကို မေ ၂ ရက်မှ ၂၆ ရက်အထိ ရက်သတ္တပတ် (၃) ပတ်ကျော် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်