နေပြည်တော်  ဩဂုတ် ၂၉

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ်(၄/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများတက်ရောက်ကြပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုသင်တန်းတွင် စစ်ဆေးခြင်း အမျိုးအစားအလိုက် လိုက်နာကျင့်သုံးရမည့် စာရင်းစစ်စံများကို အခြေခံသည့်ဘာသာရပ်များ၊ ဌာနတွင်းစစ်ဆေးခြင်းနှင့် ရုံးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာများကို သင်ကြားပို့ချသွားမည်ဖြစ်ရာ တန်ဖိုးထားလေ့လာမှတ်သားကြစေလိုကြောင်း၊ စာရင်းစစ်ဝန်ထမ်း သင်တန်းသားများအနေဖြင့်  ပြည်သူ့ဘဏ္ဍာ လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် စစ်ဆေးထိန်းကျောင်းပေးသည့် လုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် မိမိဌာန၊ အဖွဲ့အစည်းမှအားထားရပြီး ကျင့်ဝတ်စောင့်ထိန်းလိုက်နာသော ဝန်ထမ်းကောင်းများဖြစ်စေရေး  ကြိုးစားကြစေလိုကြောင်း တိုက် တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ် သင်တန်းကျောင်း၌ တာဝန်ရှိသူက သင်တန်းဆိုင်ရာအချက် အလက်များကို ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ဒေသ စာရင်းစစ်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူး (၁) ဦးနှင့် ဦးစီးအရာရှိ (၉၅) ဦးတို့ကို စာသင်ခန်းရောက်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ လက်ထောက်ညွှန်ကြားရေးမှူး(၃)ဦးနှင့် ဦးစီးအရာရှိ(၁၂)ဦးတို့ကို Online ဖြင့်လည်းကောင်း ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂၅ ရက်အထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်