နေပြည်တော် ဇူလိုင် ၆

လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးမွမ်းမံသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး က လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများသည် စစ်ဆေးရေးလုပ်ငန်းများသာမက စီမံခန့်ခွဲရေးလုပ်ငန်းများကိုပါ တာဝန်ယူဆောင်ရွက်ကြရသည့် အရေးပါသော အရာထမ်းများဖြစ်သဖြင့် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရလဒ်ကောင်းများ ရရှိစေရေးအတွက် သင်တန်းမှ လေ့လာသိရှိမှုများကို ထိရောက်စွာပြန်လည်အသုံးချ စေလိုကြောင်း၊ စစ်ဆေးခြင်းဆိုင်ရာ ပညာရပ်များနှင့် နည်းစနစ်များသည် ခေတ်ကာလ နှင့်အညီ အစဉ်ပြောင်းလဲ တိုးတက်လျက်ရှိသဖြင့် “သင်ယူခြင်းသည်ပြီးဆုံးသည်မရှိ” ဆိုသည့်အတိုင်း မိမိကိုယ်တိုင် ဆက်လက်လေ့လာဆည်းပူးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်ကျင့်ဝတ်များကို အလေးထားလိုက်နာကျင့်သုံးရန် လိုအပ် ကြောင်း၊ သင်တန်းသားများအနေဖြင့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုပိုမိုတိုးတက် ကောင်းမွန်စေရေးထိန်းကျောင်းပေးခြင်း လုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်း‌ဆောင် ခြင်းဖြင့်  ကိုယ်ကျင့်သိက္ခာမြင့်မားပြီး နိုင်ငံနှင့်ဌာနမှ အားထားရသည့် အရာထမ်း ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည် တော်နှင့်ရန်ကုန်တို့တွင် တစ်ပြိုင်တည်း ဇွန် ၁၂ ရက်မှ ဇူလိုင် ၅ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဒေသစာရင်းစစ်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ စုစုပေါင်း (၁၆၇) ဦး တက်ရောက် ပြီးမြောက်ခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ဒု-စာရင်းစစ်မှူးများ လုပ်ငန်း စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း၊ အမှတ်စဉ် (၃/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဇွန် ၁၉ ရက်မှ ဇူလိုင် ၅ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်နှင့် ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးများမှ (၆၉) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိစာရင်းစစ်ရုံးများမှ (၂၁)ဦး၊ ချင်းပြည်နယ်မှ (၃)ဦးနှင့် တနင်္သာရီ တိုင်းဒေ သကြီးမှ (၁၈)ဦး စုစုပေါင်း (၁၁၁)ဦး တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်