ကိုရင်ဩ
ကမ္ဘာပေါ်ရှိ စီးပွားရေးအင်အားကြီးနိုင်ငံများမှခေါင်းဆောင်ကြီးများ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ တွေ့ဆုံကြလျက် ပစ္စက္ခကာလ ကမ္ဘာနှင့်ချီ၍ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများကို အဖြေရှာနိုင်ရန်ကြိုးပမ်းလျက်ရှိကြသည်ဆိုသော သတင်းတစ်ပုဒ်ကိုကျွန်ုပ်ဖတ်ရှုရသောအခါ လူသားတို့ နေထိုင်ရာ ဤကမ္ဘာ၏ သဗ္ဗရနံပေါင်းရေးရာများအနက် မည်သည့်ရေးရာတို့ကို သူတို့ ဆွေးနွေးအဖြေရှာကြပါ အံ့နည်းဟုကျွန်ုပ် စေ့ငုလေ့လာမိလေ၏။
ထွေပြားလှသည့် ကမ္ဘာ့ရေးရာများအနက် ယခုနှစ်တွင် ဆွေးနွေးအဖြေရှာရန် ဦးတည်သော အကြောင်းခြင်းရာ ရှစ်ခုကို (၁၄) ကြိမ်မြောက် ဂျီ-၂၀ အုပ်စု၏ ထိပ်သီး ဆွေးနွေးပွဲတွင် နှီးနှောဖလှယ်ကြရန်ရှိကြောင်း ကျွန်ုပ်လေ့လာသိရှိရ၏။
ဆွေးနွေးချက်များ
ကမ္ဘာ့စီးပွားရေးဖြစ်တည်မှုမှသည် အမျိုးသမီးများ၏ စွမ်းပကား မြင့်မားတိုးတက်စေရေး၊ စွမ်းအင်ဖူလုံရေးမှသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးမှသည် တီထွင်ဆန်းသစ်မှုနှင့် ပြည်သှူကျန်းမာ ရေး၊ ကုန်သွယ်မှုမှသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကိစ္စရပ်များအထိ တစ်နံတစ်လျား “ရှည်လျား၊ ပေများ” လှသည့် အကြောင်းခြင်းရာများကို အိုဆာကာ ထိပ်သီး ဆွေးနွေးပွဲကြီးတွင် ဇွန် ၂၈ ရက်မှ ၂၉ ရက်အထိဆွေးနွေးငြင်းခုံလျက်ရှိကြကုန်၏။
ထိပ်သီးဆွေးနွေးပွဲတွင် တည်တည်ခံ့ခံ့ အကြောင်းရပ်များကို ဆွေးနွေးကြသည့်တိုင်အောင် ကမ္ဘာ့သတင်း ဌာနကြီးများက မတူကွဲပြားသော ကမ္ဘာ့ခေါင်းဆောင်ကြီးများအကြား “ပွတ်တိုက်မှုများ”မည်သို့ရှိနေသည်ကိုသာသာထိုးထိုး တင်ဆက်လျက်ရှိကြလေသည်။
ယခုနှစ် ထိပ်သီးဆွေးနွေးပွဲကာလ မီဒီယာများ၏ အာရုံစိုက်မှုကို အထူးတလည် ရရှိကြသူများသည်ကား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တရုတ်ခေါင်းဆောင်ကြီး ရှီကျင့်ဖျင်၊ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ ရုရှား သမ္မတ ဗလာဒီမာပူတင် စသူတို့ ဖြစ်ကြ၏။ “ဆင်သွား ရာလမ်းဖြစ်” ဟူဘိသို့ သူတို့လုပ်သမျှ အကျိုးတရား တည်းဟူသော အရာထင်ကျန်ရစ်၏။ ကမ္ဘာ့တစ်ခွင်တစ်ပြင်ကို ပဲ့တင်ရိုက်ဟည်းစေ၏။
ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ စင်မြင့်သည်ကား ကမ္ဘာ့ခေါင်းဆောင်ကြီးများအကြား “စိတ်မကျေပွဲ” ဆင်နွှဲနိုင်သောနေရာ၊ ကမ္ဘာ့ရေးရာများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်သောနေရာ၊ ကမ္ဘာကြီး၏ လုံးရပ်သဏ္ဌာန်ပုံဟန်နိမိတ် “အချိုးမညီ” မှုများကို ထောက်ပြနိုင်သော နေရာ၊ ခေါင်းဆောင်ကြီးများ လက်ရည်တစ်ပြင်တည်း၊ ကြမ်းတစ်ပြေးတည်း ဆွေးနွေးငြင်းခုံနိုင်သည့်နေရာဟုဆိုသော် ကျွန်ုပ်လွန်အံ့မည်မထင်နိုင်ပေ။
တွေ့ဆုံပွဲများ
ရွှေထီးဆောင်း မင်းတို့ ပွဲကြီးသဘင် ဝှဲချီးဆင်ယင်ကြသည့် ထိပ်သီးဆွေးနွေးပွဲကာလအတွင်း သမ္မတ ထရန့်နှင့် သမ္မတရှီတို့ သီးခြားစီ တွေ့ဆုံဆွေးနွေးကြသည့်ပွဲ၊ ဝန်ကြီးချုပ် မိုဒီ၊ သမ္မတပူတင်နှင့် သမ္မတရှီတို့ သုံးပွင့်ဆိုင်ဆွေးနွေးကြသည့်ပွဲတို့ကို ကမ္ဘာက အာရုံစိုက်လျက်ရှိကြကုန်ပြီးလျှင် လက်ပွန်းတတီး ဆွေးနွေးကြသည့်တိုင်အောင် ပြဿနာများ၏ အဖြေများကို တန်းတန်း မတ်မတ်တွေ့ဖို့ လိုအပ်ပေဦးမည်။
တရုတ်နှင့် အမေရိကန်အကြား လတ်တလော ဖြစ်ပေါ်နေဆဲ “ကုန်သွယ်ရေး စစ်ပွဲကြီး” ကို သက်ဆိုင်ရာ ခေါင်းဆောင်နှစ်ဦးတို့ အဆုံးသတ်ကြမည်လောဟူသော မေးခွန်းပုစ္ဆာမှာ လူတိုင်းအတွက် စိတ်ဝင်စားစရာ ကောင်းလှသော်လည်း ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ ပင်မဦးတည်ချက် ဆွေးနွေးဖွယ်ရာများအပေါ် အရိုးပေါ် အရွက် မဖုံးစေသင့်ပေ။ (တစ်နည်း) ပင်မအူတိုင်အပေါ် မျက်ခြည်ပြတ် မခံသင့်ပေ။
ဂျီ-၂၀ ထိပ်သီးညီလာခံ၏ အဓိကအကျဆုံး ဦးတည်ချက်ဆောင်ပုဒ်မှာ “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြင့်မားရေး” ဖြစ်ပြီးလျှင် “သမဂ္ဂါနံ တပေါ သုခေါ” (ညီညွတ်သောသူတို့၏ ပြုမူဆောင်ရွက်ချက်သည်အောင်မြင်ရာ၏)ဟူသော သဘောတရားကို ကမ္ဘာ့ခေါင်းဆောင်ကြီးတိုင်း အမြင်ကျယ်ကျယ် ကျင့်သုံးအပ်သည်သာတည်း။
ယနေ့ကာလ ကမ္ဘာကြီးတွင် “အမျိုးသားရေးဝါဒ” ခေါင်းထောင်ထနေချိန်၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့(ဒဗလျူတီအို)၊ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) စသည့် ကမ္ဘာချီအဖွဲ့အစည်းကြီးများ စကား စစ်ထိုးပွဲ ကြိုးဝိုင်းအတွင်း သူတပြန် ကိုယ်တပြန် ထိုးနှက်နေကြရပုံမျိုးဖြင့် စခန်းသွားနေကြရချိန်တွင် ကမ္ဘာ့နိုင်ငံများအချင်းချင်း သွေးစည်းညီညွတ်စွာ လုပ်ကိုင်ကြဖို့အထူးလိုအပ်လာ၏။
“ကျွဲနှစ်ကောင် ခတ်သည့်ကြား မြေစာပင်ကြားညပ်” ရသည့်အဖြစ်မျိုး ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စနိုင်ငံများ ခံစားနိုင်ခြင်းမရှိပါချေ။ သို့ဖြစ်ရကား ကမ္ဘာ့အင်အား ကြီးများအချင်းချင်း ဝါဒသဘောတရားရေးအရလည်း ကောင်း၊ အကျိုးစီးပွားအရလည်းကောင်း တစ်ဦးအပေါ် တစ်ဦး အနိုင်မယူဘဲ လောကအကျိုး(ဝါ) ကမ္ဘာ့အကျိုး အတွက် အစဉ်သယ်ပိုးဆောင်ရွက်နိုင်ကြပါစေသော်ဟုကမ္ဘာသားတို့က ဆုတောင်းအခါခါ ပြုနေကြ၏။
မျက်ရည်စ
ဟုပ်ခနဲ ထတောက်တတ်သည့် “ပဋိပက္ခ မီးပွားများ” က ဖွံ့ဖြိုးပြီးနိုင်ငံများမှသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကျရောက်သည့်အခါ သောက လိမ်းကျံထားသော ပြည်သူများ၏ မျက်နှာများပေါ်တွင် ပူလောင်သော မျက်ရည်စများကို ကျွန်ုပ်တို့ တွေ့ကြရ၏။ ပြည်သှူမျက်နှာ ရှေးရှုအပ်သော ကမ္ဘာကြီးထဲ “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” မြှင့်တင်ရေးအတွက် ဆွေးနွေးနိုင်သော ပလက်ဖောင်း အဖြစ် ဂျီ-၂၀၏ ဦးတည်ချက် ဆောင်ပုဒ်က မြင့်မားထည်ဝါ လွန်းလှပေသည်။
ကမ္ဘာနှင့်ချီ ရင်ဆိုင်နေရသော စိန်ခေါ်မှုအပေါင်းကိုကျော်လွှားလွန်မြောက်ရေးအတွက် “နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးစနစ်” ကိုသာလျှင် နိုင်ငံများ စိုက်စိုက်မတ်မတ် ကျင့်သုံးအပ်ပေရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒနှင့် ယင်းစနစ်တို့အကြား မျဉ်းပြိုင်နှစ်ကြောင်းပမာ ဘယ်နံရောအခါမျှ ပေါင်းဆုံနိုင်လိမ့်မည်မဟုတ်ဟု ကျွန်ုပ် တွေးတောမိသည်။
၁၉၉၉ ခုနှစ်တွင် ဂျီ-၂၀ အုပ်စုကို စတင်ဖွဲ့စည်းခဲ့ချိန်က “ကမ္ဘာချီ စီးပွားရေး ပြဿနာများကို ဝိုင်းဝန်းအဖြေရှာ စုပေါင်းရင်ဆိုင်ရန်” ဦးတည်ခဲ့ကြခြင်းမှာ မွန်မြတ်သော ရည်မှန်းချက်အတွက် သမူဟပြုပေါင်းစုမှု၏ ပြယုဂ်ဖြစ်သည်။
စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများနှင့်အတူ စီးပွားရေးထွန်းသစ်စ နိုင်ငံများသည် ဂျီ-၂၀ ပင်လယ်ပြင်ကျယ်ကြီးအတွင်းသို့မြစ်ကြီး ငါးသွယ်၊ မြစ်ငယ် ငါးရာ ပေါင်းစည်း ဝင်ရောက်သည့်အသွင် စုစည်းခဲ့ကြ၏။
၂၀ဝ၇-၂၀ဝ၈ ခုနှစ်က ကမ္ဘာ့ဘဏ္ဍာရေး ကပ်ဆိုက်ချိန်တွင် ကမ္ဘာ့နိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းဖြင့် ရှေ့သို့ ခရီးဆက်ကြရန် ဂျီ-၂၀က မျှော်မှန်းဆောင်ရွက်ခဲ့၏။
ပါရီ အကြမ်းဖက်တိုက်ခိုက်မှု၊ ဆီးရီးယား၌ ဓာတုလက်နက် အသုံးပြုမှု၊ ယူရိုဇုန် ကြွေးမြီ အကျပ်အတည်း စသည့် ကမ္ဘာချီပြဿနာများသည် ဂျီ-၂၀ အတွက် အလေးပေးကိုင်တွယ်စရာများ ဖြစ်ခဲ့သည်။
ဆွေးနွေးအဖြေရှာ
ကမ္ဘာချီ ပြဿနာများကို တုံ့ပြန်နိုင်ရေး ဆွေးနွေး အဖြေရှာရန် ဦးတည်သည့် ဂျီ-၂၀ အုပ်စုသည် ယခုနှစ်ညီလာခံတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးပဋိပက္ခ၊ မြောက်ကိုရီးယား၏ အဏုမြူအစီအစဉ်၊ စစ်ရိပ်စစ်ငွေ့ယှက်ဖျန်းလာသော ပင်လယ်ကွေ့ဒေသ တင်းမာမှုစသည့်အကြောင်းရပ်များကို လိမ္မာရေးခြားရှိစွာ ဆွေးနွေး အဖြေ ရှာကြပါဦးမည်။
“တစ်နွယ်ငင် တစ်စင်ပါ” ကမ္ဘာချီပြဿနာများမှာ ထုထည်ကြီးမားလှသည့် ပြဿနာရပ်များဖြစ်ပေရာ သာမန်ကာလျှံကာ ဖြေရှင်း၍မရနိုင်ဘဲ ရေရှည်ကိုကြည့်၍ အမြော်အမြင်တရားဖြင့် ဆက်လက်လုပ်ကိုင်သွားကြရပေ မည်။
ကမ္ဘာ့နိုင်ငံတစ်နိုင်ငံတည်းက ကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းမရှိသော အကြောင်းခြင်းရာ သုံးခုမှာ “ကုန်သွယ်ရေး”၊ “ရာသီဥတု ပြောင်းလဲလာမှုကို ထိန်းညှိရေး}” နှင့် “ဒစ်ဂျစ်တယ်စီးပွားရေး” တို့ဖြစ်ကြပြီးလျှင် ယခုနှစ်ထိပ်သီးညီလာခံတွင် ခေါင်းဆောင်ကြီးများ (ဤ ဆောင်းပါးရေးနေဆဲ ကာလတွင်) အကြိတ်အနယ်ဆွေးနွေးနေကြဆဲဖြစ်၏။
“ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(ဒဗလျူတီအို) ပြုပြင်ပြောင်းလဲရေး”မှာ ယခုနှစ် ညီလာခံ၏ ဆွေးနွေးကွက်တစ်ကွက်ဖြစ်သည်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့်ကမ္ဘာ့စီးပွားရေးလှိုင်း ဘောင်ဘင်ဝေရပုံမျိုးကို ဖွံ့ဖြိုးဆဲနိုင်ငံများ မခံစားနိုင်ပါ။ “ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒ” နှင့် “တစ်ကိုယ်တော် ကောင်းစားရေးဝါဒ” တို့အလုပ်မဖြစ်နိုင်ပုံကို ထောက်ပြကြလျက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့်အညီ စီးပွားရှာကြဖို့တိုက်တွန်းသံများကို ကျွန်ုပ်ကြားသိရ၏။
ကုန်သွယ်စည်းကြပ်ခွန်များကို တိုးမြှင့်ကောက်ခံကြလျက် “ကုန်သွယ်ရေးစစ်ပွဲ” ကို သည်းသည်း မည်းမည်း ဆင်နွှဲကြခြင်းကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုမှာ “ရေတို” ထိခိုက်နိုင်သကဲ့သို့ “ဥတုရာ သီပြောင်းလဲခြင်း” ကြောင့် ကမ္ဘာ့စီးပွားရေး “ရေရှည်” ထိခိုက်နိုင်ပေသည်။
လွန်ခဲ့သည့်နှစ်က အာဂျင်တီးနားနိုင်ငံ၌ ကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီးညီလာခံတွင် “ပါရီ ရာ သီဥတုသဘောတူညီချက်” ကို အမေရိကန်မှအပ ကျန်နိုင်ငံများ အားလုံးက ထပ်လောင်းအတည်ပြုခဲ့ကြသည့် ဖြစ်စဉ်မှာ ယခု ညီလာခံအပေါ် အရိပ်မည်းကြီး ထိုးနေဆဲဖြစ်၏။ သို့တစေ တစ်ရွာနှင့်တစ်ယောက် ဝိဝါဒ ကွဲပြားသည့်တိုင်အောင် ဥတုရာသီပြဿနာကို ကိုယ်တွယ်ဆောင်ရွက်နိုင်ရန် ဂျီ-၂၀ အုပ်စုက ဆက်လက်အလေးထားနေဆဲဖြစ်၏။
“ဆိုင်ဘာ တိုက်ခိုက်မှု” (ဝါ) ကွန်ပျူတာကွန်ရက်ကမောက်ကမဖြစ်အောင် အဖျက်အမှောင့် လုပ်မှုသည်ကား စက်မှုနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံတို့အတွက်အရေးကြီးလှသည့် ပြဿနာဖြစ်ပြီးလျှင် မရှုမလှ မခံစား ရမီ တားဆီးကာကွယ်မှု ပြုကြရပေလိမ့်မည်။
“ဒစ်ဂျစ်တယ် စီးပွားရေး” ခေတ်သစ်သို့ ကူးပြောင်း ဝင်ရောက်လာချိန်တွင် နိုင်ငံများ၏ “ဘုံရန်သူ” ဆိုင်ဘာ တိုက်ခိုက်သူများက ကမ္ဘာ့စီးပွားရေးကို ဘေးအ္တရာယ်ပေးရန် ခြိမ်းခြောက်လျက်ရှိလေသည်။
ဆိုင်ဘာဟင်းလင်းပြင်(ဝါ) Cyberspace အတွင်း ရန်သူများ ထင်တိုင်းမကြဲနိုင်ဖို့ အင်တာနက်ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲလျက်ရှိနေကြချိန်တွင် ကမ္ဘာ့နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပေလိမ့်မည်။
“နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု” စနစ်ဖြင့်ကမ္ဘာချီပြဿနာများကို ရင်ဆိုင်ဖြေရှင်းကြရမည့် ယနေ့ကာလတွင် ယင်းစနစ်ကို ကျင့်သုံးရေးမှာ ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ အလုပ်သက်သက်ဟု မဆိုနိုင်ဘဲကမ္ဘာ့ပြည်သူတိုင်း၊ နိုင်ငံသားတိုင်းက အုတ်တစ်ချပ်သဲတစ်ပွင့် ပါဝင်ဆောင်ရွက်ရမည့်ကိစ္စဟု ဆိုနိုင်ပုံကိုတွေးတောမိရင်း “လက်တွဲညီညီ ကမ္ဘာချီ စုံစုံစီစီပြဿနာများ” ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။ ။