လက်တွေ့အသုံးချ ဆေးနည်းတို (ဆေးမြီးတို) များ(၄၉)

ကြည်လွင်မြင့် (မုဒြာ)

 

ဆရာရှင့်၊ ကျီးပေါင်းရောဂါအတွက် လိမ်းဆေး၊ အုံဆေးတွေ ဝယ်ထားပါတယ်။ ကြပ်ထုပ်ထိုးရင် ပိုပြီးထိရောက်တယ်။ သက်သာတယ်ဆိုတာ မှန်ပါသလား ရှင့်။ ဘယ်လိုမျိုး ကြပ်ထုပ်လုပ်သင့်တယ်ဆိုတာ ပြောပြပေးပါ ဆရာရှင့်။

 

ကျီးပေါင်းက အရိုးအဆစ် နှစ်ခုကြားမှာ အစိုင်အခဲ ဖြစ်တဲ့ရောဂါမို့ လိမ်းဆေးအပြင် ကြပ်ထုပ်ထိုးပြီး လေ့ကျင့်ခန်း ပြုလုပ်တာတွေပါ တွဲဖက်ပြုလုပ်ပေးမှ ပျောက်ကင်းနိုင်ပါတယ်။ ကြပ်ထုပ်ကို ကိုယ်တိုင်ပြု လုပ်ချင်ရင် မိဿလင်အမှုန့်ဝယ် (ပရဆေးဆိုင် ကြိတ်ခိုင်းပါ) ချည်ထည်ပိတ်စကို တစ်ပေပတ်လည် ဖြတ်ပါ။ အတွင်းတစ်ထပ်၊ အပြင်တစ်ထပ် နှစ်ထပ်ထုပ်ပါ။ လူကြီးလက်သီးဆုပ် အရွယ်ဆိုရင် အတော်ပါပဲ။ တစ်လှည့်စီထိုးဖို့ နှစ်ထုပ်ပြုလုပ်ထားပါ။ ရေနွေးငွေ့နဲ့ အပူပေးပြီး ထိုးရပါတယ်။ အသားကို မလောင်အောင် မုန်ညင်းဆီ ဒါမှမဟုတ် နှမ်းဆီလိမ်းထားပြီးမှ ထိုးရင်ပိုကောင်းပါ တယ်။ ကြပ်ထုပ်ထိုးခြင်းဖြင့် ကျီးပေါင်းတက်ခြင်းအပြင် အကိုက်အခဲရောဂါများပါ ပျောက်ကင်းစေနိုင်ပါတယ်။

 

 

ဆရာခင်ဗျာ၊ ကျွန်တော့်အမေအတွက် မေးပါရစေ။ အသက်က ၅၉ နှစ်ပါ။ ညည အိပ်မပျော်ဘူး ဆရာ။ ဆေးခန်းပြလို့ အင်္ဂလိပ်ဆေးတွေပေးလည်း စစချင်း သုံး လေးရက်လောက်ပဲ အိပ်ပျော်ပြီး နောက်ပိုင်း အိပ်မပျော်ဘူးဆရာ။ စားသင့်တဲ့ ဆေးနည်း ဒါမှမဟုတ် ဓာတ်စာ လေးတွေ ညွှန်ကြားပေးစေလိုပါတယ်။

 

အိပ်ပျော်စေတတ်တဲ့ ဓာတ်စာတွေကတော့ ဧကရာဇ်ရွက်ကို သုပ်စားရင် အိပ်ပျော်စေပါတယ်။ ခွေးတောက်ရွက်ကို ရေနွေးဖြောပြီး ကြက်သွန်နီ ဆီသတ်ကြော်စားပါ။ လေသက်ပြီး အိပ်ပျော်စေပါတယ်။ ရှောက်သီးကို အမြွာထုတ်ပြီး သုပ်စားရင်လည်း အိပ်ပျော်စေပါတယ်။ ကြက်သွန်နီဥ ထက်ခြမ်းခွဲ ခြေဖဝါးပွတ်ပေးပါ။ ဒါမှမဟုတ် ကြက်သွန်နီဥ ပါးပါးလှီးပြီး ခြေဖဝါး အလယ်မှာကပ် ပတ်တီးစည်းအိပ်ရင် အိပ်ပျော်တယ်လို့ ရှေးဆရာကြီးတွေ ပြောပါတယ်။ အိပ်ပျော်စေတဲ့ ဆေးနည်းတွေက တော့ ရှောက်သီးအရည် (၃) ဇွန်း+ ပျားရည်(၁) ဇွန်းစပ်ပြီး ရေအေးနဲ့ဖျော်သောက်ပါ။ တိုင်းရင်းဆေး သုံးစွဲချင် တယ်ဆိုရင် ဆေးအမှတ် (၁၅) သည်းခြေဆေးနဲ့ ဆေး အမှတ် (၁၆) အပူငြိမ်းသွေးဆေးများကို နှစ်ပဲသား (ကော်ဖီဇွန်းငယ်တစ်ဇွန်း) ရေအေးနဲ့ ဖျော်ပြီးသောက် သုံးပေးရင် အိပ်ပျော်စေနိုင်ပါတယ်။

 

ဆရာ၊ စအိုဘေးမှာ အနာဖုလေး ထွက်လာပြီး ပြည်ထွက်လို့ ပျောက်သွားလိုက်နဲ့ သုံးလေးရက်နေရင် ပြန်ဖြစ်လိုက်နဲ့ ဖြစ်နေပါတယ်။ ဂရင်ဂျီနာ ဖြစ်ချင်တာလို့ ပြောကြပါတယ်။ မခွဲမစိတ်ရဘဲ တိုင်းရင်းဆေးနဲ့ ပျောက်ချင်လို့ပါ။ ဘာဆေးသုံးရမလဲ ဆရာခင်ဗျာ။

 

ဂရင်ဂျီနာပေါက်ရင် ဆားခါးကို ရေနွေးနဲ့ဖျော် ဝါဂွမ်း မှာဆွတ်ပြီး အနာဝမှာ ကပ်ပေးပါ။ လက်ဖက်အစိုနဲ့ ဆားခါးကိုနယ်ပြီး အနာဝမှာ ကပ်ပေးရင် မန်းရည်ထွက် ကျပြီး အနာကျက်လွယ်ပါတယ်။ ကုက္ကိုရွက်ထောင်း အနာဝမှာ ကပ်ပေး၊ အုံပေးပါ။ ကျားမနိုင်မြစ်သွေး အနာပတ်ချာလည်မှာ လိမ်းပါ။ အနာနက်ရှိုင်းရင် ကြက်မောက် ဆူးပြန်ပင်(ခေါ်) ကျွဲနှာခေါင်းချိတ်ပင် ပြာချပြီး ပျားရည်နဲ့ရောမွှေ အနာတွင်းကို ဝါးသီးတံ ချောင်းနဲ့ ဝင်အောင်ထည့်ရင် အသားတက်ပြီး ပြန်မဖြစ်ပါ။ မကောင်းတဲ့ အနံ့အသက်နဲ့ ညှော်ရှောင်ဖို့ လိုပါတယ်။

 

ဆရာခင်ဗျာ၊ ကျွန်တော်က အလုပ်ပြီးတဲ့အချိန် ည ၁၁ နာရီခွဲလောက် ရေချိုးလေ့ ရှိပါတယ်။ ရေချိုးသင့်၊ မချိုးသင့် သိချင်ပါတယ် ဆရာ။ နောက်ပြီးတော့ အလုပ်လုပ်နေတဲ့ လူတစ်ယောက်က အနည်းဆုံး ဘယ်နှနာရီအိပ်ရင် လုံ လောက်ပါသလဲ ဆိုတာ ဖြေကြားပေးပါဆရာ။

 

အဖျားအနာရောဂါ ရှိသူတွေကလွဲလို့ ကျန်းမာနေသူတွေ ညအိပ်ရာဝင် ရေချိုးတာ အာရုံကြောတွေကို ပြေလျော့စေပါတယ်။ တချို့ အကျင့်ပါနေလို့ ရေမချိုးရရင် အိပ်မပျော်ပါဘူး။ ရာသီဥတုအေးရင်တော့ ရေနွေးစပ်ချိုးသင့်ပါတယ်။ ပုံမှန် အိပ်ချိန်ကတော့ အလုပ်လုပ်နေတဲ့ သူတွေအတွက် ၈ နာရီ လိုအပ်ပါတယ်။

 

အလုပ်များရင်တော့ အနည်းဆုံး ၅ နာရီ အိပ်သင့်ပါတယ်။ တစ်ပတ်တစ်ရက် နားရက်ရတဲ့အခါမှာ ၈ နာရီ အိပ်လိုက်ပါ။

 

မင်္ဂလာပါ ဆရာရှင့်။ သမီးလည်ပင်းမှာ အကျိတ် သေးသေးလေးတွေ ထွက်နေပါတယ်ရှင့်။ အဲဒါ ဘယ်လိုမျိုး ဖြစ်နိုင်ပါသလဲ ဆရာ။

 

ရိုးရိုးအကျိတ်၊ အပူအကျိတ်၊ တီဘီအကျိတ် အမျိုးမျိုးရှိပါတယ်။ တီဘီအကျိတ်က ကိုယ်ပူပြီး ညဘက် ဖျားတတ်ပါတယ်။ ဆရာဝန်နဲ့ သေချာစစ်ဆေးပြီး ကုသပါ။ ရိုးရိုး အကျိတ်ကို ဇာတိပ္ဖိုလ်သီး သွေးလိမ်းရင် ပျောက် နိုင်ပါတယ်။

 

ဆရာခင်ဗျာ၊ ကျွန်တော် လွန်ခဲ့တဲ့လကစပြီး ဆီးသွားရင် အနည်အနှစ်တွေပါ ပါတယ်။ ဆရာဝန်ပြပြီး ဆီးစစ်တော့လည်း ဘာရောဂါမှ မတွေ့ပါဘူး ဆရာ။ အင်္ဂလိပ်ဆေးတွေလည်း သောက်ပါတယ်။ ကောင်းလိုက် နည်းနည်းပြန်ပါလိုက်ဖြစ်နေပါတယ်။ ဆရာရေးတဲ့ စာတွေမှာ ထိကရုံးဆူးပင် ပြုတ်သောက်ဖို့ ရေးထားတာ တွေ့ပါတယ်။ ကျွန်တော်တို့က ပြည်ပမှာ အလုပ်လုပ်တာမို့ ဒီအပင်ရဖို့ မလွယ်ပါဘူး ဆရာ။ တခြားနည်းလမ်းရှိရင် ညွှန်ပြပေးပါ။

 

ကြက်သွန်နီဥထောင်း အရည်ညှစ် သံပရာသီး ဒါမှမဟုတ် သံပရိုသီး အရည်ညှစ် ရောစပ်သောက်ပါ။ (တစ်နည်း) သံပရာသီး မီးကင်အရည်ညှစ်ယူပါ။ ပျားရည် ဟင်းစားဇွန်း တစ်ဇွန်းရောစပ် သောက်ပါ။ ဆန်ဆေးရည်အကြည် ဖန်ခွက်တစ်လုံး မနက်စောစော နေ့စဉ်သောက်ပါ။ နိုင်ငံခြားမှာ ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့ ဆေးနည်းတို ပေးတာပါ။

 

ဆရာခင်ဗျာ၊ ကျွန်တော် မကြာခဏ အာသီးရောင်ပါ တယ်။ အခုတစ်ခါ ရောင်တာကို ပါးစပ်ဟပြီး ကြည့်တော့ အာသီးဘေးမှာ အဖြူရောင် အဖတ်လေးတွေ ရှိနေပါ တယ်။ ဘယ်လိုလုပ်ရမလဲ လမ်းညွှန်ပေးပါ ဆရာ။

 

ဆားရည် နွေးနွေးမှာ ပျားရည်တစ်ဇွန်း ထည့်ဖျော်ပြီး အာလုတ်ကျင်းပေးပါ။ စပါးကြီးသည်းခြေရနိုင်ရင် ရေအေး တစ်ဖန်ခွက်မှာ မီးခြစ်ဆံခေါင်းလောက် ထည့်ဖျော်ပြီး ငုံပေးရင် အာသီးရောင် ပျောက်တယ်လို့ ရှေးဆရာကြီးတွေ ပြောဖူးပါတယ်။

 

ဆရာခင်ဗျာ၊ ကျွန်တော်က ကျောင်းဆရာပါ။ စာသင် ရင်းနဲ့ မကြာခဏ အသံဝင်လေ့ ရှိပါတယ်။ ဒီတစ်ခါ သံဝင်တာ ရက်တော်တော် ကြာပါပြီ ဆရာ။ အသံ ထွက်စေနိုင်မယ့် ဆေးနည်းလေးတွေ သိလိုပါတယ်။

 

ပြည်ပန်းညိုရွက်ထောင်း အရည်ညှစ် ဆားလှော် ထည့်သောက်ပါ။ ပြည်ပန်းညိုရွက်ဟင်းချိုချက်သောက်ပါ။ ကွမ်းရွက်နဲ့ ဆားကိုထုပ်ပြီး မီးဖုတ်ပါ။ အဲဒီပြာဆားကို သံပရာရည်နဲ့ ဖျော်လျက်ပါ။ ပျားရည်နဲ့ သံပရာရည် ဖျော်သောက်ပါ။ ငှက်ပျောအူတိုင်ကို ဆားရည်စိမ်ပြီး ပိုက်နဲ့ စုပ်သောက်ပါ။ ချင်းတက်ထောင်း အရည်ညှစ် တစ်ဇွန်း၊ ပျားရည်တစ်ဇွန်းစပ် သောက်ပါ။ ဇီရာရွက်၊ ပင်စိမ်းရွက်၊ ပျဉ်းတော်သိမ်ရွက်၊ စပါးလင်ရွက်တွေဟာ အသံဝင်ရောဂါနဲ့ သင့်တော် ပျောက်ကင်းစေပါတယ်။ သနပ်ခါးကို ဆားနဲ့ရောသွေး လျက်ပေးပါ လည်ပင်းလိမ်းပေးပါ။ ကျားမနိုင်မြစ်သွေး လည်ပင်းမှာ လိမ်းပါ။ အပူငုပ် အသံဝင်တာ သက်သာပါတယ်။ အသံဝင်တာကို ညအိပ်ခါနီး ခြေဖဝါးဆားပွတ် ဒူးအထက်ကနေအောက် ရေလောင်း ခြေဆေးပါ။ အပူနိုင်စေ ဖို့ မန်ကျည်းမှည့်ဖျော်ရည် သောက်အိပ်ပါ။ဆီပါတဲ့ အစာ၊ ရေခဲရေ၊ အအေးဘူးတွေ အသံဝင်နေသမျှရှောင်ပါ။ ရေကျက်အေး ရေနွေးကြမ်း အဖန်ရည်မှာ ဆားလှော်သင့်ရုံ ထည့်သောက်ပါ။

 

ဆရာ၊ ကျွန်တော့်အမေမှာ အသည်းရောင် ဘီပိုးရောဂါ ဖြစ်နေတာ ကြာပါပြီ။ အခု ဆေးဝါးတွေနဲ့ ကုသနေ ပေမယ့်လည်း အသည်းခြောက်စ ပြုလာတယ်လို့ သွေးစစ်ချက်အရ သိရပါတယ်။ အသက် ၇၄ နှစ် ရှိပြီမို့ အစားလည်း သုံးလေးဇွန်းထက် ပိုမစားပါဘူး။ ကျန်တဲ့ အာဟာရဖြစ်မယ့် အရည်တွေ တိုက်နေရပါတယ်။ ဆေးရုံတက်ခိုင်းပေမယ့်လည်း မတက်ချင်တာကြောင့် တိုင်းရင်းဆေးနည်းနဲ့ တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖြစ်အောင် တိုက်ကျွေးလိုပါတယ်။ တိုင်းရင်းဆေးနည်းနဲ့ ပြန်ကျန်းမာ လာမယ်လို့ ယုံကြည် မိတာကြောင့် သင့်တော်မယ့် ဆေးနည်းလေးတွေ ညွှန် ပြပေးစေလိုပါတယ်။

 

သခွတ်ပွင့်ခြောက် ရေနွေးဖြော အသုပ်ပြုလုပ်ကျွေးပါ။ မုန်လာဥနီထောင်း အရည်ညှစ် နွားနို့ပူပူ တစ်ခွက်မှာ ရောစပ်တိုက်ပါ။ ဖီးကြမ်းငှက်ပျောသီးမှည့် အခွံမှာကပ်နေတဲ့ အမြှေးကိုခြစ်ယူ ပျားရည်နဲ့ ရောစပ်ကျွေးပါ။

 

သင်္ဘောရွက်ထောင်း အရည်ညှစ် ဟင်းစားဇွန်း နှစ်ဇွန်း ပျားရည်တစ်ဇွန်း စပ်တိုက်ပါ (အင်္ဂလိပ်ဆေး သောက်နေရင် နှစ်နာရီခြားမှ တိုက်ပါ)။

 

ဆရာ၊ တစ်ခုလောက် မေးခွင့်ပြုပါ။ သမီးအမေ ညအိပ် တဲ့ အခါတိုင်း ခါးထဲကနေ ပူတာ နှစ်နှစ် လောက်ရှိပါ ပြီ။ ဆေးခန်းပြတာ ဓာတ်မှန်ရိုက်ပြီး ခါးကျီးပေါင်းလို့ ပြောပါတယ်။ ကုသနေတာ မသက်သာလို့ ဆေးနည်း တွေ ညွှန်ပြပေးပါ ဆရာ။

 

ခါးကျီးပေါင်း သက်သာအောင် မိဿလင်အမှုန့်ကို (ပရဆေးဆိုင်မှာဝယ် အမှုန့်ကြိတ်ခိုင်းပါ) ပိတ်စနဲ့ထုပ် ကြပ်ထုပ်ပြုလုပ်ပါ။ ပထမခါးမှာ မုန်ညင်းဆီ ဒါမှမဟုတ် နှမ်းဆီကို မီးအပူပေးပြီး ခပ်နွေးနွေးလိမ်းပါ။ ကြပ်ထုပ်ကို ရေနွေးငွေ့ခံပြီး ပူပူလေး ထိုးပေးပါ။ ညအိပ်ရာဝင်ခါနီးတိုင်း စိတ်ရှည်ရှည် ပြုလုပ်ပေးရင် ကျီးပေါင်းရောဂါ သက်သာ ပျောက်ကင်းနိုင်ပါတယ်။

 

ကျွန်တော်တို့ အိမ်ထောင်သက် နှစ်နှစ်ရှိပါပြီ ဆရာ။ အခုထိ ကလေးမရသေးလို့ပါ။ မိန်းမ အူအတက်ပေါက်တုန်းက ဗိုက်ခွဲထားတာ တစ်နှစ်ကျော်နေပါပြီ ဆရာ။ ဆီးဖြူသီးစားရင် ကလေးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါ ဆရာ။

 

ဆီးဖြူသီးက မိန်းမစားရတာပါ။ ယောကျာ်းက ခွေးလှေးယားစေ့ကို ထောပတ်နဲ့လှော် မနက်သုံးစေ့ ညသုံးစေ့စားပါ။ နဝင်းကျေအောင် မနက် သုံး၊ နေ့လယ် သုံး၊ ညနေ သုံး၊ ကိုးစေ့စားတဲ့သူ ကလေးရတာလည်း တွေ့ဖူးပါတယ်။

 

ကျွန်တော် ပြည်ပရောက်နေတာပါ ဆရာ။ နံနက် မျက်နှာသစ်ရင် နှာခေါင်းထဲက သွေးခြောက်တွေ ထွက်တယ် ဆရာ။ ဆရာရဲ့ အတွေ့အကြုံနဲ့ ဆောင်ရန်၊ ရှောင်ရန် လေးတွေ ပြောပြပေးပါ ဆရာ။

 

ဆားကိုသင့်ရုံ ရေအေးနဲ့ဖျော် လက်ခုပ်နဲ့ယူ နှာခေါင်းအတွင်း ရောက်အောင် ရှူသွင်းရပါတယ်။ ခပ်ပြင်းပြင်းလေး ရှူသွင်းပါ။ မာလကာရွက်ရရင် ရှူပေးပါ။ နှာခေါင်း သွေးယိုရင် နားနောက်က ချိုင့်လေးထဲ ရေခဲကပ်ပေးရင် ရပ်ပါတယ်။

 

ဆရာ၊ ကျွန်တော့်ကို တစ်ခုလောက် မေးခွင့်ပြုပါ။ ကျွန်တော့်ဦးခေါင်းက စမ်းကြည့်လိုက်ရင် အလွန်ပူပါတယ်။ ဆံပင်လည်း ကျွတ်ပါတယ်။ ဘာလိမ်းလို့ ရပါသလဲ။ ဆံပင်ကျွတ် သက်သာမယ့် ဆေးနည်းပြောပြပေးပါ။

 

ရှားစောင်းလက်ပပ်အနှစ်ကို ဦးခေါင်းအတွင်း စိမ့်ဝင်အောင်ပွတ်၊ ခဏကြာအောင်ထားပြီး တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ပါ။ ထောလပတ်ရွက်ကိုထောင်း အရည်ညှစ် အုန်းဆီနဲ့ရော ညအိပ်ရာဝင် လိမ်းအိပ်ပါ။ အပူ၊အစပ်၊ အချဉ်လျှော့စားပါ။ ဦးခေါင်းငယ်ထိပ်ကို ပန်ကာလေ၊ အဲကွန်းအအေးဓာတ် တိုက်ရိုက် မထိတွေ့အောင် သတိပြုပါ။

 

ဆရာရှင့်၊ သမီးအစ်ကိုမှာ ခြေဆစ်၊ လက်ဆစ်တွေ အမြဲလိုလို ကိုက်ခဲနေပါတယ်။ ဒူးခေါင်း အကွေးအဆန့်ဆို အရွတ်က အသံမြည်ပါတယ်။ လိမ်းဆေးတွေလည်း စုံနေပါပြီ။ မသက်သာလို့ ဆေးနည်းလေး ညွှန်ပြ ပေးပါ ဆရာ။

 

ဆင်တုံးမနွယ် အမှုန့်နဲ့ တောင်မရိုးအခေါက်မှုန့် (ပရဆေးဆိုင်မှာဝယ် အမှုန့်ကြိတ်ခိုင်းပါ) ပျားရည် နဲ့ရောမွှေ ဟင်းစားဇွန်း တစ်ဇွန်း နံနက်၊ ည စားပေးပါ။ လိမ်းဆေးအဖြစ် တောရှောက်မြစ်၊ ဝံအူမြစ်၊ လင်းနေ မြစ်တို့ကို အမှုန့်ကြိတ်ပြီး ရေနွေးနဲ့ ဖျော်လိမ်းပါ။

 

ကျွန်မအသက် ၇၅ နှစ်ရှိပါပြီ။ အစာအိမ်မကောင်းပါ။ ဗိုက်ပွပါသည်။ သွေးတိုးရှိပါသည်။ နှုတ်ခမ်းခြောက်၊ လျှာကွဲ၊ လျှာပူ၊ ရင်ပူ၊ ဝမ်းပူ၊ ခြေဖဝါးတွေ ပူပါသည်။ တစ်ခါတလေ ကျောပါပူပါသည်။ ပူလာလျှင် အထက်ကို ပူတတ်ပြီး မျက်စိပါနေမကောင်းပါ။ ရင်ခေါင်းမှာ လည်း တင်းနေပါသည်။ ဖြစ်တာလည်း ကြာပါပြီ။ ဗိုက်ပွစာ စားလျှင် ပိုဖြစ်ပါသည်။ ဆေးနည်းလေးပြောပေးပါ ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။

 

အစာမကြေ လေပွရောဂါ။ ထမင်းဟင်းကို ပူပူနွေးနွေးစားပါ။ လေပွစာ (သခွားသီး၊ မုန်ညင်း၊ ကိုက်လန်၊ ပဲပြား၊ တိုဟူး စသည်များ) ရှောင်စားပါ။ ပဲဆီအစား နှမ်းဆီပြောင်းသုံးပါ။ ထမင်းဆီဆမ်း ဆားဖြူးစားလျှင် လေပွသက်သာပါတယ်။ ထမင်းစားပြီးတိုင်း ဖီးကြမ်းငှက်ပျောသီး၊ ထန်းလျက်ခဲ စားပေးလျှင် အစာကြေပါတယ်။ စားပြီးပြီးချင်း ရေမသောက်ပါနှင့်။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၂) လေမျိုး ရှစ်ဆယ် ဆေးသည် လေရောဂါရှိသူများနှင့် သင့်တော်ပါတယ်။