လက်တွေ့အသုံးချ ဆေးနည်းတို (ဆေးမြီးတို)များ (၅၄)

၄ မတ်

 

မင်္ဂလာပါ ဆရာကြီးရှင့်။ ကျွန်မက ဝက်ခြံအလွန်ထွက်တာ အသက် (၁၆) နှစ်လောက်က ခုအသက် (၃၅) နှစ်ထိပါပဲ။ အခုက ပိုဆိုးလာပြီး အဖုကြီးကြီးများ ထွက်လာလို့ပါဆရာ။ ကျေးဇူးပြု၍ ပျောက်ကင်း အောင်လုပ်ဆောင်ရမယ့် ဆေးနည်းလမ်းလေး ညွှန်ပေးပါရှင့်။

 

အဆီ၊ အဆိမ့်၊ အငန် အစားများသူ၊ အိပ်ရေးပျက်သူများ၊ လူပျို အပျိုဖော်ဝင်သူများမှာ ဝက်ခြံထွက်လေ့ ရှိသည်။ ရှားစောင်းလက်ပပ် အနှစ်ကို ပျားရည်နဲ့ရော ကျေအောင်ဖျော်ပြီး မျက်နှာမှာလိမ်း ခဏကြာမှ မျက်နှာသစ်ပါ။ နေ့စဉ် ၁၄ ရက်ခန့် ပြုလုပ်ပေးပါ။ ဝက်ခြံများ စုပြုံပြီး ပြည်တည်လျှင် ဂျုံမှုန့်ကို သံပရာရည်နဲ့ ရောနယ် ပြီးအုံပေးပါ။ ဝက်ခြံအမာရွတ်များဖြစ်လျှင် ကွမ်းသီးခြမ်းသွေးလိမ်းပါ။ မည်းနေလျှင် ဒန္တကူးနီ အခေါက်ကို ပရဆေးဆိုင် မေးဝယ် သွေးလိမ်းပါ။

 

မင်္ဂလာပါဆရာ။ အကျိတ်အကြောင်းမေးပါရစေရှင့်။ ရင်ဘတ်အပေါ်မှာ အကျိတ်လေးဖြစ်ပြီး တစ်ခါတလေ အောင့်ပါတယ်။ ညီမလေးတစ်ယောက် ဖြစ်တာပါ။ မခွဲစိတ်ရဘဲ အကျိတ်သေးသွားအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။ လေးစားစွာနဲ့ပါ ဆရာ။

 

အပူကျိတ်၊ အသားကျိတ်၊ အဆီကျိတ်ဟူ၍ သုံးမျိုးရှိပါတယ်။ ဆေးနည်းတိုက မိဿလင်ဥကိုထောင်း မုန်ညင်းဆီနဲ့ရော အပူပေးချက်လိမ်းလျှင် အကျိတ်အဖု သက်သာစေပါတယ်။ အဆီအကျိတ်မှန်ရင် မနာမကိုက်ပါ။ အသားကျိတ်က ကိုက်ခဲနာကျင် ဖြစ်တတ်ပါတယ်။ နာကျင်ကိုက်ခဲလျှင် ဇာတိပ္ဖိုလ်သီး သွေးလိမ်းပါ။ အပူကျိတ်ဖြစ်လျှင် နလင်ကျော်၊ ကရမတ်များ သွေးလိမ်းပါ။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော် အဆောင်နေ ကျောင်းသားတစ်ယောက်ပါ။ ကျွန်တော် ဝမ်းအရမ်းချုပ်တတ်ပါ တယ်။ ခုရက်ပိုင်း ဝမ်းသွားရင် စအိုကအရမ်းနာနေပါတယ်။ ဝမ်းပျော့ဆေးသောက်လို့ ဝမ်းပျော့ရင်လည်း နာပါတယ်။ တစ်ခါတလေ ညှစ်ရတဲ့အချိန် သွေးနည်းနည်းပါပါတယ် ဆရာ။ ကျွန်တော် လိပ်ခေါင်းရောဂါဆိုရင် အမြစ်ပါပျောက်တဲ့ ဆေးနည်းလေးပေးဖို့ အကူညီ တောင်းပါတယ်ဗျ။

ဆားခါးထုပ် ဝယ်ထားပါ။ ည အိပ်ရာဝင် မန်ကျည်းမှည့်ဖျော်ရည် တစ်ခွက်မှာ ဆားခါးနှစ်ဇွန်းထည့် ဖျော်သောက်ပါ။ ဝမ်းသွားလို့ သွေးပါရင် ပန်းလဲပွင့် (ပရဆေးဆိုင်မှာဝယ်ပါ) လက်ဖက်ခြောက်ကဲ့သို့ ရေနွေးမတ်ခွက်တွင် ထည့်ပြီးအုပ်ထား အအေးခံသောက်ပါ။ သကြားနဲ့ ရေရောကျိုလျှင်လည်း ရပါတယ်။ (တစ်နည်း) စံပယ် ပန်းပွင့်ခြောက်ကိုလည်း သောက်နိုင်ပါတယ်။ အပူအစပ်၊ ကောက်ညှင်း စသည့်ဝမ်းချုပ်၍ ညှစ်ရမည့် အစာများရှောင်။ သင်္ဘောသီး၊ ငှက်ပျောသီးမှည့်များ နေ့စဉ်စားပေးပါ။

 

http://mmdigitalnews.com/epaper/mobimax/admin/img/breakingnews/FormatFactory28061063_1611349568957924_3557876731638030390_o1.jpg

 

မင်္ဂလာပါဆရာ။ ကျွန်မချောင်းဆိုးနေတာ တစ်ပတ်လောက်ရှိပါပြီ။ လည်ပင်းယားပြီး ဆိုးနေတာပါ ဆရာ။ ဘာဆေးသောက်ရမလဲရှင့်။ ကျေးဇူးပြုပြီး ဆေးနည်းလေးပြောပြပေးပါ ဆရာ။

 

ကွမ်းရွက်နဲ့ ဆားကိုထုပ် မီးဖုတ်ပြာချပြီး ထိုပြာကို သံပရာရည်ဖြင့် ဖျော်လျက်ပါ။ ကွမ်းရွက်ကို မီးကင်ပြီး ရင်ဘတ်နှင့် ကျောမှာကပ်ပါ။ (တစ်နည်း) ဇော်ဂျီတောင်ဝှေးပင်၏ အရွက်ရောအရိုးပါ ဒိုဘာလာ သကြားခေါ် မှန်ရောင်သကြားခဲ အနည်းငယ်ရော ပြုတ်သောက်ပါ။ ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ ခေါက်စားပါ။ ရင် ချောင်စေပါတယ်။

 

ဆရာမင်္ဂလာပါ။ လျှာကွဲတာ အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်ရမလဲ ဆရာ။


ထမင်းရည်ငှဲ့ချက်ပြီး နံနက်စောစောသောက်ပါ။ အုန်းစိမ်းရည်သောက်ပါ။ ညအိပ်ရာဝင် မန်ကျည်းမှည့်ဖျော်ရည်တွင် ဆားခါးတစ်ဇွန်းထည့်သောက်ပါ။ (တစ်နည်း) ပုဏ္ဍရိက်ရွက် ပြုတ်ငုံပေးပါ။ ဖီးကြမ်းငှက်ပျောသီးအခွံတွင် ကပ်နေတဲ့အသားများကို ခြစ်ယူ။ ပျားရည်တစ်ဇွန်းနဲ့ ရောမွှေစားပါ။ တိုင်းရင်းဆေးအမှတ် (၁၆) အပူငြိမ်းဆေးအမှုန့်လျှာတွင်သိပ်၊ သောက်လည်းသောက်ပါ။ တိုင်းရင်းဆေးအမှတ် (၄၃) အကင်းဆယ်ပါး ဆေးမှုန့်လည်းသိပ်လျှင် လျှာနာကျက်စေပါတယ်။

 

ဆရာကြီးရှင့် ကျွန်မနှုတ်ခမ်းတွေ ယားယံနေပါတယ်။ ညညဆို အိပ်တောင်မရဘူး။ ဆေးနည်းများရှိရင် ညွှန်ပြပေးပါဦး ဆရာကြီးရှင့်။ ကျေးဇူးအထူးတင်ပါတယ်။

ပျားရည်+အုန်းဆီ+သံပရာရည် သုံးမျိုး ရောစပ်နှုတ်ခမ်းမှာ တို့ပေးပါ။ အိပ်ရာဝင် ခြေဖဝါး ဆားပွတ် ဒူးအထက်မှ ရေလောင်းခြေဆေးအိပ်ပါ။ အထက်အပူကန်ယားတာ သက်သာစေပါတယ်။

 

မင်္ဂလာပါ ဆရာကြီးရှင့်။ ကျွန်မသားလေးက တစ်နှစ်နဲ့ ၁ဝ လရှိပါပြီ။ တုပ်က ဖင်ကိုထိုးနေလို့ပါ။ အီးမပါဘဲ ခဏခဏ ဖင်ကယားပြီး ဆေးခိုင်းနေပါတယ် ဆရာ။ ဘယ်လိုလုပ်ရမှန်း မသိလို့ပါရှင့်။ ဆေးနည်းလေး တောင်းပါရစေရှင့်။

 

ကလေးများသန်ကောင်၊ တုပ်ကောင်ထိုးလျှင် ဘောစကိုင်းအစေ့ကို ကြိတ်ပြီး မန်ကျည်းစေ့ခန့် ထန်းလျက်ဖြင့် ရောကျွေးပါ။ သို့မဟုတ် သင်္ဘောသီးအမှည့်မှပါသော အစေ့နက်ကိုမှ ငါးစေ့ ကျွေးပါ။ တုပ်ကောင်၊ သန်ကောင်ထိုးခြင်းမှ သက်သာစေပါတယ်။ ကလေး စအိုပေါက်အတွင်းသို့ အုန်းဆီနဲ့ ပျားရည် ရောစပ်လိမ်း ပေးလျှင် ယားတာသက်သာစေပါတယ်။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော်အလုပ်ကို အာရုံစိုက်ပြီး လုပ်၍မရပါ။ ဆရာဝန်ပြတော့ အာရုံကြော အားနည်းတာလို့ ပြောပါတယ်။ ညအိပ်လည်း မပျော်ပါ။ ကျွန်တော်အာရုံကြော အားနည်းတာ ဘယ်လိုဆေးတွေ စားရမလဲဆရာ။ ကျေးဇူးပြု၍ ညွှန်ပြပေးပါဆရာ။

 

အာရုံကြော အားနည်းရောဂါက ဝမ်းထဲတွင် လေပူရှိခြင်းကြောင့် ဖြစ်ပါတယ်။ အချို့မှာ မွေးရာပါ လေပကတိ ဖြစ်ပါတယ်။ (လေပကတိများသည် လှုပ်ရှားနေလျှင် ရပြီး တည်ငြိမ်အောင် ထိမ်းချုပ်၍မရပါ။ ကြာရှည်အာရုံ စိုက်လုပ်ရသော အလုပ်လုပ်မရပါ။ စိတ်လည်းမတည်ငြိမ်ပါ။) အခါးဟူသမျှ လေဓာတ်ကြွ။ လေစာများ မတည့်ပါ။ အခါးရှောင်။ အချိုစားပါ။ ရှောက်ရည်၊ ပျားရည်စပ်သောက်ပါ။ အစာမကြေလျှင် ထမင်းစားပြီး တိုင်း ထန်းလျက်ခဲစားပါ။ အားနည်းလျှင်၊ အိပ်မပျော်လျှင် စတုမဓူအားဆေးစားပါ။

 

ဆရာခင်ဗျာ ကျွန်တော့ ဒူးဆစ်နာနေပါတယ်။ အလုပ်က အဆောက်အအုံ အင်ဂျင်နီယာပါ။ အဆင်းအတက် များပါတယ်။ ဘာဆေးများ လိမ်းရမလဲဆရာ။ ဒူးမှာ ဖြစ်တာပါ။ ညွှန်ကြားပေးပါဆရာ။

 

အဆင်းအတက်များတဲ့အခါ ဒူးမှာ အစွပ် စွပ်ထားပါ။ သစ်ကြံပိုးခေါက်အမှုန့်ဝယ် ကြက်ဥအကာနဲ့ ရေနွေး အနည်းငယ် ရောခေါက်ဖျော် ဒူးမှာလိမ်း ဂွမ်းအုပ်ပြီး ပတ်တီးစည်းပါ။ ညအိပ်ချိန်စည်း၊ မနက်ထရင် ဖြည်ပါ။

 

ဆရာ ပွေးပေါက်နေတာ ဘယ်လိုလုပ်ရမလဲဆရာ။ ဆေးတွေလည်း လိမ်းလည်းလိမ်း၊ သောက်လည်းသောက် ပါတယ် ဆရာ။ ခဏပျောက်ပြီး သုံးရက်လောက်ကြာရင် ပြန်ပြန်ပေါ်လာပါတယ်ဆရာ။

 

ပွေးကိုင်းမဲဇလီရွက်နဲ့ ပွတ်ပါ။ ပွေးကိုင်းမဲဇလီရွက်ကို အခြောက်လှန်း လက်ဖက်ခြောက်လုပ်ပြီး စွဲသောက်သူတစ်ဦးမှာလည်း နူနာကဲ့သို့ တစ်ကိုယ်လုံးပေါက်သော ပွေးကြီးရောဂါ ပျောက်ကင်းသွားသည်ကို ကိုယ်တွေ့တွေ့သည်ဟု ရှေးဆရာကြီးတစ်ဦး ရေးမှတ်ထားသည်ကို ဖတ်ရှုရဖူးပါသည်။ ပွေးကိုင်းမဲဇလီရွက် မရနိုင်သော် သြဇာရွက်ကို အသုံးပြုနိုင်ပါတယ်။

 

ဆရာ ကျွန်တော်လိပ်ခေါင်း ဖြစ်နေလို့ပါ။ လေပူပေါင်းလို အပြင်ထွက်တယ်ဆရာ။ လက်နဲ့ ပြန်သွင်းနေရပါ တယ်။ ဆေးနည်းလေး သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

လိပ်ခေါင်းအပြင်ထွက်လျှင် ဆားခါးထုပ်ဝယ်ပါ။ ရေအေးနဲ့ဖျော် ပလတ်စတစ်ဇလုံကြီးကြီးမှာထည့် ဖင်ထိုင်ပေးပါ။ မိနစ် ၂ဝ ခန့်ထိုင်ပေးရင် ပြန်ဝင်သွားနိုင်ပါတယ်။ ညအိပ်ခါနီး နောက်တစ်ကြိမ် ထပ်ထိုင်ပြီးရင် ကျားမနိုင်နွယ်မြစ်သွေး စအိုဝမှာ လိမ်းအိပ်ပါ။ ရှားစောင်းလက်ပပ် အနှစ်ကပ်ရင်လည်း ရပါတယ်။ သေချာကပ်ရင် အေးပြီး ပြန်ကျုံ့ဝင်သွားနိုင်ပါတယ်။

 

မင်္ဂလာပါဆရာ။ ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို အင်္ကျီငှားလို့ ပေးဝတ်လိုက်ပါတယ်။ သူ့မှာညှင်းတွေ ရှိတာမသိပါဘူး။ နောက်မှသိတာပါ။ ကျွန်တော့ကို ကူးပါတယ်။ အခု ညှင်းတွေက အတော်များနေပါပြီ ဆရာ။ ဘယ်လိုလုပ်ရင် ပျောက်မလဲ။ ကျေးဇူးပြု၍ ပြောပြပေးပါဆရာ။


တမာရွက်ပြုတ်ရည်နဲ့ ရေချိုးပါ။ ဒန့်ကျွဲစေ့ကိုလှော် ပြာချ အုန်းဆီနဲ့ရောလိမ်းပါ။ ကြိတ်မှန်ရွက် အရည်ညှစ် လိမ်းပေးပါ။

 

ဆရာကြီးရှင့် ရင်ကျပ်တာ ညညဆို အိပ်မပျော်ပါရှင့် ဆေးနည်းလေးညွန်ကြားပေးပါရှင့်။


သလိပ်ကြောင့်ကျပ်တဲ့ ရင်ကျပ်ရောဂါနှင့် အပူကြောင့်ကျပ်တဲ့ ရင်ကျပ်ရောဂါ နှစ်မျိုးရှိပါတယ်။ ဇော်ဂျီ တောင်ဝှေးပင်၏ အရိုးရောအရွက်ပါ သကြားခဲ (ဒိုဘာလာသကြားခဲဟုလည်းခေါ်သည် ပရဆေးဆိုင်မှာ ဝယ်ရ သည်) နှင့် ရောပြုပ်သောက်ပါ။ (သို့မဟုတ်) ကွမ်းရွက်၊ ချင်း၊ သိန္ဓောဆား ရောပြုတ်သောက်ပါ။ ရဲယိုသီး အမှည့်ကို ထန်းလျက်နဲ့ခေါက်စားပါက ရင်ချောင်စေပါသည်။

 

ဆရာခင်ဗျ။ ကျွန်တော်ဆံပင်တွေ အကွက်လိုက်ကျွတ် နေလို့ပါ ပါးလည်းပါးလာတယ်ဆရာ။ မလေးရှားမှာ နေတော့ အရမ်းလည်းပူပါတယ်။ ဆေးကလည်းရှာလို့ မလွယ်လို့ အကြံပေးပါခင်ဗျ။

 

ဆန်ကိုညက်အောင်ထောင်း ရေစိမ်ထားပြီး ဆန်နှစ်ကို ခေါင်းမှာထူထူလိမ်း အဝတ်နဲ့ နာရီဝက်ပေါင်းထား ပြီးလျှင် ခေါင်းလျှော်ပါ။ နေ့စဉ် ၁၄ ရက်အနည်းဆုံး၊ လနှင့်ချီပြုလုပ်ပါ။ ကြောင်လျှာသီး၊ ကြောင်လျှာပွင့်ခြောက် မြန်မာပြည်ကမှာပြီး သုပ်စားပါ။ ထောလပတ်ရွက် အခြောက်ရရင်လည်း အုန်းဆီနဲ့စိမ်လိမ်းရင် ဆံပင် ကျွတ်တာ သက်သာပြီး ပြန်ပေါက်နိုင်ပါတယ်။

 

ဆရာ သမီးက လက်မောင်း၊ ပေါင်၊ ခြေသလုံးတွေကြီးပြီး ဗိုက်ပူခါးတုတ်ဖြစ်နေပါတယ်ဆရာ။ ဘယ်လိုလုပ်ရမလဲ ဆရာ။ အစားလည်း လျှော့စားပါတယ်။ ရေတစ်နေ့ ခြောက်လီတာ သောက်ပါတယ်။ ဆရာကြီး အကြံဉာဏ် လေးပေးပါဦးရှင့်။

 

သံပရိုသီးခြမ်းကို ရေနွေးစိမ်သောက်ပါ။ လမ်းလျှောက်ပေးပါ။ ညစာကိုအသီး အရွက်ပဲစား။ ညအိပ်ရာဝင် ရှောက်ရည်နဲ့ ပျားရည်စပ်သောက်ပါ။

မင်္ဂလာပါဆရာ ကျွန်တော့အဖေရဲ့ ပေါင်၊ ခြေထောက်တွေမှာ ယားယံနေပါတယ်။ ကုတ်ရတာ အနာတောင် 
ဖြစ်ပါတယ်ဆရာ။ ပြီးရင် အမာရွတ်များ ကျန်ခဲ့ပါတယ်။ ဘယ်လိုများကုရင် ပျောက်နိုင်ပါမလဲ ဆရာ။ ကူညီနိုင်ရင် ကူညီပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။

လေပွစာများ ရှောင်၍ စားပါ။ ရှောက်သီးအရည်ညှစ် ပျားရည်နဲ့ စပ်သောက်ပါ။ မန်ကျည်းမှည့်အနှစ် ဆားနဲ့ ရော ပွတ်လိမ်းထား ခဏကြာမှ ရေချိုးပါ။ တမာရွက်ခြောက် အမှုန့်ပြု သနပ်ခါးနဲ့ရောစပ်လိမ်းပါ။ ပျားရည်နဲ့သံပရာရည် ရောစပ်လိမ်းပါ။ အမာရွတ်ပျောက်အောင် ကွမ်းသီးခြမ်းသွေးလိမ်းပါ။

 

ဆရာရှင့် ခွေးလှေးယားသီးအနက်စေ့မှာ အိပ်ပျော် စားဝင်ပြီး လှော်၍ရောင်းကြရာ ရောဂါ အတော်များများ ပျောက်ကင်းကြောင်း ဖတ်ရပါသည်။ ဘေးထွက် ဆိုးကျိုးများရှိပါသလား ဆရာရှင့်။

အားဆေးတစ်မျိုးပါ။ အာယုဗေဒဆေးကျမ်းများတွင် မျိုးမအောင်သော အမျိုးသားများအတွက် သုက်ပိုးအားဆေးအဖြစ် ပေးပါသည်။ အမျိုးသမီးအတွက် မညွှန်းပါ။ ထောပတ်နှင့်လှော်မှ အဆိပ်ကင်းပါသည်။ အစေ့အဆန်မှန်သမျှ အိပ်ပျော်စေပါသည်။ များလျှင် တောက်တတ်ပါသည်။ စီးပွားဖြစ် ရောင်းချသူ မှန်သမျှက ဘေးထွက်ဆိုးကျိုးကို မဖော်ပြသည်က များသည်။

 

ဆရာရှင့် ကျွန်မကလေးက အသက် သုံးနှစ်ခွဲပါ။ ဝမ်းသွားရင် ချွဲပါပါနေပါတယ်။ အဖြူရောင်ချွဲတွေ။ အင်္ဂလိပ်ဆေးတိုက်လည်း ခဏပဲကောင်းပါတယ်။ ပြန်ပြန်ဖြစ်နေတယ်။ အစားအမှားမခံဘူး။ ကလေးက တော်တော်လေး ပိန်လိုက်လာတယ်။ ဆရာ သူ့အတွက် ဆေးဝါး ဓာတ်စာလေး ကူညီပေးပါရှင့်။

သင်္ဘောသီးအစိမ်းကို ဟင်းချက်ကျွေးပါ။ ငှက်ပျောသီးဖီးကြမ်းကို မီးဖုတ်ကျွေးပါ။ ကလေး ဝမ်းဗိုက်ကို မုန်ညင်းဆီ၊ မီးနွှေးလိမ်းပေးပါ။

ကြည်လွင်မြင့် (မုဒြာ)

 

http://mmdigitalnews.com/epaper/mobimax/admin/img/breakingnews/FormatFactory28685208_1611349432291271_4388467623158169390_n.jpg