နေပြည်တော်၊ နိုဝင်ဘာ ၅
လယ်ယာမြေ အသုံးချမှု မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာ မိုးစပါးစိုက်ခင်း၌ တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသသည် တောင်သူများတင်ပြသည့် ဆောင်းသီးနှံ မတ်ပဲနှင့် ကုလားပဲ စိုက်ပျိုးရေး လုပ်ငန်း လိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။ထို့နောက် ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် မိုးစပါး ရိတ်သိမ်းနေမှုကို ကြည့်ရှု အားပေးကြသည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာတွင် ကျင်းပသည့် ထယ်ရေးမလို မျိုးစေ့ချစက်ဖြင့် မတ်ပဲစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိပြီး မိုးစပါးရိတ်သိမ်းထားရှိမှုကိုလည်းကောင်း၊ ထယ်ရေးမလို မျိုးစေ့ချစက်ဖြင့် မတ်ပဲစိုက်ပျိုးခြင်း ကိုလည်းကောင်း ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဇေယျာသီရိမြို့နယ်၊ ကံဦးကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးခိုင်ထွန်း၏ ဘဲအကောင်ရေ (၇၀၀၀) မွေးမြူရေးခြံကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်၊ အမှတ် (၁) သရက်ခုံ ကျေးရွာရှိ တောင်သူဦးသိန်းစိုး၏ နို့ပေါင်းစက်အခြေပြု နို့စားနွားမွေးမြူရေးခြံ၌ နို့ပေါင်းစက်ဖြင့် နို့ထွက်ပစ္စည်း ထုတ်လုပ်နေမှုများကိုလည်းကောင်း၊ နို့စားနွားများ မွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ လိုက်လျောညီထွေသည့် မွေးမြူရေးစနစ်ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပုဂ္ဂလိက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်