နေပြည်တော် ဇူလိုင် ၈
လက်ဝှေ့နည်းပြသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ Multipurpose Hall ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများ အနေဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာဖြင့် ထိထိမိမိ လေ့လာသင်ယူပြီး မိမိတို့တာဝန်ကျရာ ဒေသအသီးသီးတွင် မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများ ရှာဖွေ၊ စည်းရုံး၊ စုဆောင်း၍ လေ့ကျင့်သင်ကြားပေးသွားရန်နှင့် လာမည့် ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လက်ဝှေ့ အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ထိုက်ထိုက်တန်တန်ရရှိပြီး အရည်အချင်း ပြည့်ဝသည့် လက်ဝှေ့အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်ဥက္ကဋ္ဌ (၁) ဦးကျော်ကျော်စိုးက သင်တန်းဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ လက်ဝှေ့နည်းပြသင်တန်းကို လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိူးဆက်သစ် အားကစားသမားများစွာ မွေးထုတ်ပေးနိုင်စေရန်နှင့် အချိန်နှင့်တစ်ပြေးညီ တိုးတက်ပြောင်းလဲနေသည့် ဥပဒေ/နည်း ဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်နိုင်စေရန် ရည်ရွယ်ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Breaking News


