လွမ်းဆွတ်တမ်းတမိပါသည်

မောင်သောင်းဝင်း (တမန်ဟောင်း)


၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် (၇၂)မြောက် “အာဇာနည်နေ့”ပင်ဖြစ်သည်။ အာဇာနည်နေ့ရောက်ရှိလျှင် အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့သတိရပြီး မျက်ရည်စို့ခဲ့ရသည်မှာ အကြိမ်ကြိမ်အခါအခါပင်ဖြစ်သည်။ ထိုဖြစ်စဉ်ကိုတွေးမိပြီး ယူကျုံးမရလည်းဖြစ်ရသည်။ အထူးသဖြင့် တပ်မတော်၏ဖခင်၊လွတ်လပ်ရေး ဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရမှုအပေါ်မချိတင်ကဲ ဖြစ်ရသည်။ 


ကျဆုံးခဲ့ရ


နှစ်စဉ် ဇူလိုင်လရောက်လျှင် မိုးသည်တဖွဲဖွဲဖြင့် စွေလေ့ရှိသည်။ လွန်ခဲ့သော ၇၂ နှစ် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း ထိုကဲ့သို့ မိုးတဖွဲဖွဲရွာသွန်းခဲ့သည်။ ထိုနေ့ကလွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်ခေါင်းဆောင်ကြီးများသည် ရန်ကုန်မြို့ရှိအတွင်းဝန်များရုံး၌ တိုင်းပြည်လွတ်လပ်ရေးအတွက်ဆွေးနွေးတိုင်ပင်နေစဉ် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်တွင် နယ်ချဲ့လက်ပါးစေ၊ အကြံပက်စက်သူလူတစ်စု၏ လက်ချက်ကြောင့် ကြွေလွင့်ခဲ့ရသည်။


ထိုစဉ်က အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသဖြင့်တိုင်းပြည်တစ်ခုလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်ခဲ့ရသည်။ပြည်သူတို့၏မျှော်လင့်ချက် မှေးမှိန်ခဲ့ရသည်။ သို့သော် ထိုအာဇာနည်ခေါင်းဆောင်ကြီးများ၏ လမ်းစဉ်အတိုင်းဆက်လက် အကောင်အထည်ဖော်ခဲ့သဖြင့် ၁၉၄၈ ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပါသည်။လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူတိုင်းပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူအောက်ဖော်ပြပါ အာဇာနည်ခေါင်းဆောင်ကြီးများလည်းကျဆုံးခဲ့ရသည်-
(က) သခင်မြ (၁၈၉၇-၁၉၄၇)
( ခ) ဦးဘချို (၁၈၉၃-၁၉၄၇)
( ဂ) ဦးရာဇတ် (၁၈၉၈-၁၉၄၇)
(ဃ) ဦးဘဝင်း (၁၉၀၁-၁၉၄၇)
( င) မန်းဘခိုင် (၁၉၀၃-၁၉၄၇)
( စ) မိုင်းပွန်စော်ဘွားစဝ်စံထွန်း (၁၉၀၇-၁၉၄၇)
(ဆ) ဦးအုန်းမောင် (၁၉၁၃-၁၉၄၇)
( ဇ) ရဲဘော်ကိုထွေး (၁၉၂၉-၁၉၄၇) 


အတုယူသင့်သောစိတ်ဓာတ်


စင်စစ်အားဖြင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်စဉ်ကတည်းက အများနှင့်မတူ တစ်မူထူးခြားစွာနေထိုင်လေ့ရှိသည်။ မိဘများ၊ ဆရာသမားများအပေါ်တွင် မုသားစကားပြောဆိုလေ့မရှိဘဲ ကလေးသဘာဝ မိမိ၏စိတ်ထဲတွင်ဖြစ်ချင်သော ဆန္ဒအမှန်ကိုထုတ်ဖော်ပြောကြားဝံ့သော သတ္တိရှိခဲ့သည်။ ထို့အပြင်ကလေးဘဝတွင်ပြုမူခဲ့သည့် အမှားများကိုလည်း ရဲဝံ့စွာဝန်ခံရဲသော ရိုးသားဖြောင့်မတ်သည့်စိတ်ထားကို ပိုင်ဆိုင်ထားရှိပြန်သည်။ ထိုစိတ်နေစိတ်ထားများသည် အနာဂတ်ကိုစီမံခန့်ခွဲမည့် မျိုးဆက်သစ်လူငယ်များအတွက် အတုယူသင့်သော မွန်မြတ်တည်ကြည်သည့် စိတ်ဓာတ်ပင် ဖြစ်သည်။


အာဇာနည်သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းသည်တက္ကသိုလ်ကျောင်းသားဘဝတွင်လည်း ကြွားဝါထောင် လွှားမှုမရှိဘဲ ကျောင်းစာကိုသာ အပတ်တကုတ်ကြိုးစားခဲ့သည်။ ထို့အပြင် သူတစ်ပါးအကြိုက် အားနာပြီး လိုက်ပါပြောဆိုပြုမူလေ့မရှိဘဲ အရှိကိုအရှိတိုင်း ပြောဆိုဆက်ဆံပြုမူခဲ့သဖြင့် ကျောင်းသားများအကြားတွင် ပေါင်းသင်းဆက်ဆံရခက်ခဲသည့် လူတစ်ဦးဟုရှုမြင်ခံခဲ့ရသည်။ တခြားသူများ မည်ကဲ့သို့ပင် လက်ညှိုးထိုးနေစေကာမူ ဖြောင့်မတ်စွာ ရပ်တည်ကြိုးစားခဲ့သဖြင့် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။


စွန့်လွှတ်အနစ်နာခံခဲ


သူ့ကျွန်ဘဝကျရောက်နေသော တိုင်းပြည်ကို နယ်ချဲ့ တို့၏လက်အောက်မှလွတ်မြောက်ရေးအတွက် ကြိုးပမ်းမည်ဆိုသောခိုင်မာပြတ်သားသည့်သန္နိဋ္ဌာန်ဖြင့် တက္ကသိုလ်မှထွက်ကာလွတ်လပ်ရေးကြိုးပမ်းမှုများကို ဦးဆောင်ခဲ့သည်။ ထိုသို့ကိုယ်ကျိုးမဖက်သည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခဲ့မှုများသည် သာမန်လူတို့ဆောင်ရွက်နိုင်ခဲသော စွန့်လွှတ်အနစ်နာခံမှုပင်ဖြစ်သည်။ လွတ်လပ်ရေးအတွက် နယ်ချဲ့အား တိုက်ထုတ်ရန်သည်ခိုင်မာတောင့်တင်းပြီး စနစ်တကျဖွဲ့စည်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်း တစ်ရပ်ရှိရမည်ဆိုသော တွေးခေါ်မြော်မြင်ဆုံးဖြတ် ဆောင်ရွက်နိုင်စွမ်းကလည်း အသက်အရွယ်နှင့် မလိုက်သောရင့်ကျက်မှုကို ပြသခဲ့ခြင်းပင်ဖြစ်သည်။


တပ်မတော်ဖွဲ့စည်းရေးအတွက် လိုအပ်လျက်ရှိသည့် နိုင်ငံခြား အကူအညီရရှိရေး ပြည်ပသို့တိတ်တဆိတ်ထွက်ခွာခဲ့ရာတွင်လည်း အခက်အခဲပေါင်းစုံကြုံတွေ့ ခဲ့ရပြန်သည်။ သို့သော် ခိုင်မာပြတ်သားသည့် သန္နိဋ္ဌာန်ကြောင့် ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သဖြင့် ရဲဘော်သုံးကျိပ်နှင့်အတူ စစ်ပညာသင်ယူ ဆည်းပူးနိုင်ခဲ့သည်။ ထို့နောက် လွတ်လပ်ရေးအတွက်အသက် ပေးသွားမည်ဟုသစ္စာဆိုကာ လက်မောင်းသွေးဖောက်သောက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီးကို ဖွဲ့စည်းနိုင်ခဲ့သည်။


ဗိုလ်ချုပ်အောင်ဆန်းသည် ဘီအိုင်အေ၊ ဘီဒီအေ၊ ပီဘီအက်ဖ်တပ်မတော်များနှင့်အတူ နယ်ချဲ့ နှင့်ဖက်ဆစ်ဂျပန်တို့ကိုမြန်မာ့မြေပေါ်မှ အမြစ်ပြတ်ချေမှုန်း တိုက်ထုတ်နိုင်ခဲ့သည်။ထို့အပြင် မြန်မာ့လွတ်လပ်ရေးအတွက်လည်း နယ်ချဲ့တို့ထံတည်တံ့စွာပြောဆိုတောင်းဆိုနိုင်ခဲ့သည်။ နယ်ချဲ့တို့ထံ လွတ်လပ်ရေးတောင်းဆိုရေးအတွက် တိုင်းပြည်အတွင်း တရားမျှတသောရွေးကောက်ပွဲကြီးကျင်းပကာ တိုင်းပြုပြည်ပြု လွှတ်တော်ကြီးကျင်းပနိုင်ခဲ့သည်။ ထိုလွှတ်တော်ကြီးမှ တိုင်းပြည်အတွက်အရေးပါသော ဆုံးဖြတ်ချက်များချမှတ်နိုင်ခဲ့သည်။ ထို့နောက် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံဖွဲ့စည်း ထူထောင်ရန် အရေးကြီးအဆိုကိုတင်သွင်းနိုင်ခဲ့သည်။ ဗိုလ်ချုပ်၏အမြော်အမြင်ကြီးမားမှုကြောင့် တစ်နှစ်အကြာတွင် နိုင်ငံနှင့်လူမျိုးအတွက် အသက်တမျှအရေးပါသော လွတ်လပ်ရေးကြီးကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လက်ဝယ် ပိုင်ပိုင်ရယူနိုင်ခဲ့ပါသည်။


ဗိုလ်ချုပ်၏ မျှော်မှန်းချက်


ဗိုလ်ချုပ်သည် တိုတောင်းလှသော သက်တမ်းကာလအတွင်း တိုင်းပြည်နှင့် လူမျိုးအတွက် မတူညီသော တာဝန်အမျိုးမျိုးကို အသက်ပေးထမ်းဆောင်ခဲ့သည်။နိုင်ငံသားများ၊ အထူးသဖြင့် မျိုးဆက်သစ်များအနေဖြင့် ဗိုလ်ချုပ်၏ ပြောဆို၊ ပြုမူမှုပုံစံများကိုသာ သတိရတမ်းတနေခြင်းမျိုး၊အချိုးအစားမညီသော ဗိုလ်ချုပ်ပုံစံတူရုပ်တုများကိုသာ ထုဆစ်နေခြင်းမျိုး၊ မိမိတို့နာမည်ကျော်ကြားရေးအတွက် ဗိုလ်ချုပ်ကို အသုံးချနေခြင်းမျိုးတို့ကို လုပ်ဆောင်မနေကြဘဲ အာဇာနည်ခေါင်းဆောင်ကြီး၏ မျှော်မှန်းချက်များကို ရုပ်လုံးပေါ်အောင်လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်သာ ဗိုလ်ချုပ်၏ လမ်းညွှန်ချက်ကို မြေဝယ်မကျနားထောင်ရာကျပေမည်ဖြစ်သည်။ အမှန်စင်စစ်မှာမူ လွတ်လပ်ရေးဗိသုကာ အာဇာနည် ခေါင်းဆောင်ကြီး၏ရင်ထဲကစိတ်ကူးအိပ်မက်သည် တိုင်းပြည်အတွင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးခိုင်မာအောင် တည်ဆောက်သွားရန် ဖြစ်သည်။ 


အုတ်တစ်ချပ် သဲတစ်ပွင့်မျှပါဝင်သင့်


ဗိုလ်ချုပ်သာလုပ်ကြံမခံရလျှင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူများအကြား စည်းလုံးညီညွတ်မှုကို ယခုထက်ပိုမိုကျစ်လျစ်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ စည်းလုံးညီညွတ်သောတိုင်းပြည်သည် ဖွံ့ ဖြိုးတိုးတက်မှုအသီးအပွင့်များ ယခုထက်ခံစားရမည်ဖြစ်သည်။ ဗိုလ်ချုပ်ကျဆုံးသွားသည်မှာ ၇၂ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တိုင်းပြည်အတွင်းငြိမ်းချမ်းရေးကို တင်းပြည့်ကျပ်ပြည့်မတည်ဆောက်နိုင်သေးသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။ ဗိုလ်ချုပ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တဖွဖွပြောဆိုခဲ့သည်။ 


ထို့ကြောင့် အမျိုးသားခေါင်းဆောင်ကြီးကဲ့သို့ စွမ်းဆောင်နိုင်စွမ်းမရှိသည့်တိုင်အောင် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အုတ်တစ်ချပ် သဲတစ်ပွင့်မျှ ပါဝင်ဆောင်ရွက်သွားမည်ဆိုလျှင်နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်သည်ဟု ယူဆနိုင်မည်ဖြစ်သည်။ ဆိုရလျှင် မျိုးချစ်စိတ်ဓာတ်ရှိသော တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် မိမိတို့၏အတ္တများကို စွန့်လွှတ်သင့်နေပြီဖြစ်သည်။ တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေးရရှိစေမည့် လုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ တတ်အားသရွေ့ ပါဝင်ဆောင်ရွက်သွားသင့်ပေသည်။ အာဇာနည် ခေါင်းဆောင်ကြီးအကြောင်းကို အာပေါင်အာရင်း သန်သန်ဖြင့် ပြောဆိုနေသည်ထက် အလုပ်နှင့်သက်သေပြသွားရန်လည်း လိုအပ်သည်။ 


လွမ်းဆွတ်တမ်းတမိပါသည်


ဆိုရလျှင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူ့ဘဝတွင်နေထိုင်ခဲ့သည့် သက်တမ်း ၃၃ နှစ်ကာလအတွင်း တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုပင်စွန့်လျက် မနားမနေကြိုးစားခဲ့သည်မှာ နိုင်ငံသားအားလုံးအတုယူဖွယ်ရာ ဖြစ်သည်။ ထိုသို့ ဗိုလ်ချုပ်အသက်စွန့်ပြီးရယူခဲ့သော လွတ်လပ်ရေးကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းသွားရန်သည် ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်လျက်ရှိသောနိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်သည်။ ထိုလွတ်လပ်ရေးကို ထာဝစဉ် ထိန်းသိမ်းသွားနိုင်ရန်သည် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှုရှိနေရမည်ဖြစ်သည်။


အမှန်တော့ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အစိုင်အခဲဖြစ်နေသော အတိတ်က အာဃာတများ၊ သံသယများကို သင်ပုန်းချေပြီးမှသာ ထိုသွေးစည်းညီညွတ်မှုကိုတည်ဆောက်နိုင်မည်ဖြစ်သည်။ သို့မှသာလျှင် နိုင်ငံသားအားလုံးလိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဇူလိုင်မိုးတဖွဲဖွဲ့ကျလာပြီဆိုလျှင် တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်စွန့်စား အနစ်နာခံသွားသည့် သတ္တိ ဗျတ္တိ၊ လက်ရုံးရည်နှလုံးရည်တို့နှင့်ပြည်စုံသော အာဇာနည်ခေါင်းဆောင်ကြီးများကို ပိုမို လွမ်းဆွတ်တမ်းတနေမိပါတော့သည်။ ။


မြန်မာ့အလင်း