မယ်စဲ့ ၈ ဒီဇင်ဘာ
ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ လမ်းဆုံကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဥ္စမအကြိမ် ပြန်လည်ထုတ်ချေးခြင်းကို ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက လမ်းဆုံကျေးရွာခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းက ကျေးရွာပြည်သူများ အတိုးနှုန်းသက်သာစွာဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ ထုတ်ချေးခြင်းဖြစ်ကြောင်း၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေ တိုးပွားလာခြင်းဖြင့် မိမိတို့၏ လူမှုစီးပွားဘဝ အဆင်ပြေတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က အသင်းသူ၊ အသင်းသားများအနေဖြင့် တင်ပြထားသည့် လုပ်ငန်းများကို အမှန်တစ်ကယ် အကောင်အထည်ဖော်ဆောင်ရွက်ပြီး ရန်ပုံငွေရေရှည်တည်တံ့ရေးအတွက် ကျေးရွာကော်မတီဝင်များ ပူးပေါင်းကာ စနစ်တကျ ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပြောကြားသည်။ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစောသေးရယ်က မြစိမ်းရောင်ရန်ပုံငွေများဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ကြသည့် အသင်းသားများအနေဖြင့် မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိရေးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ ရောဂါများမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ကြရန်နှင့် ကာကွယ်ဆေးများ ထိုးနှံလိုပါက ဌာနမှကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်နှင့် မြို့နယ်အဆင့် စီမံကိန်းကော်မတီဝင်များက စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ(၇)ဦးအတွက် ငွေကျပ် (၁၀၅)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၁၈)ဦးအတွက် ငွေကျပ်(၂၁၅)သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၂)ဦးအတွက် ငွေကျပ်(၃၅)သိန်း စုစုပေါင်း ငွေကျပ်(၃၅၅)သိန်းကို ကျေးရွာ ကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီဝင်များက ငွေထုတ်ချေးသူ အသင်းသားများ၏ လက်ဝယ်သို့ ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)


