လမ်း၏ ဖြတ်သန်းခွင့်ပြုတန်ချိန်မှာ ၈ တန်ဖြစ်သော်လည်း ၁၅ တန်အထက်ရှိ တန်ပိုယာဉ်ကြီးများ နေ့/ည ဖြတ်သန်းအသုံးပြုနေတယ်လို့ ဒေါ်နီလာကျော်ပြောကြာ

နေပြည်တော် ၅ ဒီဇင်ဘာ


ထန်းတပင်မြို့နယ်အတွင်းရှိ အနောက်ပိုင်းတက္ကသိုလ်လမ်းမကြီးအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြန်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၇ ဒသမ ၄ ဖာလုံနှင့် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၂ မိုင် ၁ ဒသမ ၆ ဖာလုံအား ၁၆ ပေ အကျယ်ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လျာထားချက် ထည့်သွင်းတောင်းခံထားကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ပါတယ်။


ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ယနေ့ နံနက်က ကျင်းပခဲ့ပြီး ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး မေးမြန်းသည့် ထန်းတပင်မြို့နယ်အတွင်းရှိ အနောက်ပိုင်း တက္ကသိုလ်လမ်းမကြီးသည် ထန်းတပင်မြို့နယ်၏ ပညာရေး၊ ကျန်းမာရေး၊ ကုန်ထုတ်ရန် အဓိကလမ်းမကြီးဖြစ်သည့်အတွက် လွန်စွာပျက်စီးနေပြီး ကျဉ်းမြောင်းနေပါသဖြင့် စနစ်တကျ ကောင်းမွန်အောင် ပြန်လည်ပြုပြင်တိုးချဲ့ရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။


အဆိုပါ လမ်းမကြီးသည် ၆ မိုင် ၄ ဒသမ ၂၈ ဖာလုံရှိကာ ရွှေလင်ပန်းစက်မှုဇုန်မှ အနောက်ပိုင်း တက္ကသိုလ်ထိ ၃ မိုင် ၃ ဒသမ ၂၈ ဖာလုံမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူသည့် အပိုင်းဖြစ်ပြီး အနောက်ပိုင်းတက္ကသိုလ်မှ ထန်းတပင်ထိ ၃ မိုင် ၁ ဖာလုံကို ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူထားသော အပိုင်းဖြစ်တယ်လို့ သိရပါတယ်။


လမ်း၏ ဖြတ်သန်းခွင့်ပြုတန်ချိန်မှာ (၈) တန်ဖြစ်သော်လည်း ယင်းလမ်းပိုင်းမှာ ရွှေလင်ပန်း စက်မှုဇုန်နှင့် ဆက်စပ်နေခြင်းကြောင်း လုပ်ငန်းသုံးပစ္စည်းတင်ယာဉ်များ၊ အုတ်၊ သဲ၊ ကျောက်ကားများ Transporter ကဲ့သို့သော (၁၅) တန်အထက်ရှိ တန်ပိုယာဉ်ကြီးများ နေ့/ည ဖြတ်သန်း အသုံးပြုနေသည်ကိုလည်း တွေ့ရတယ်လို့ ဒေါ်နီလာကျော်က ပြောပါတယ်။


မျိုးထက်ဦး(MDN)