ရီရယ်(ဒီးမော့ဆို)

 

ကယားပြည်နယ်တွင် မှီတင်းနေထိုင်ကြသော ကယားတိုင်းရင်းသား မျိုးနွယ်စုများသည် ရာသီအလိုက်ပွဲတော်များကို မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ အမွေအနှစ်၊ ဓလေ့ထုံးစံသဖွယ် ကျင်းပလျက်ရှိသည့်အနက် နှစ်စဉ် တန်ခူးလ အချိန်အခါတွင် ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့်(တံခွန်တိုင်)ပွဲတော်ကို ကျင်းပ လျက်ရှိသည်။

 

ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့် (တံခွန်တိုင်)ပွဲတော်သည် ကယားတိုင်းရင်းသား မျိုးနွယ်စုများဖြစ်သော ကယား၊ ကယန်း(ကခေါင်း၊ ယင်းဘော်၊ လထာ၊ ကဲဒေါ့)၊ ယင်းတလဲစသည့် တိုင်းရင်းသားမျိုးနွယ်စုများက ရှေးဘိုးဘွားဘီဘင် လက်ထက်မှစ၍ ခေတ်အဆက်ဆက်ကျင်းပလာကြပြီး ပွဲတော်ကို နှစ်စဉ် တန်ခူးလဆန်း ၁ရက်မှ ၅ရက်အထိ ကျင်းပလျက်ရှိသည်။

 

တံခွန်တိုင်ပွဲတော် ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မိုးလေ၀သ မှန်ကန်စေရန်၊ ဆန်ရေစပါးနှင့် ကောက်ပဲသီးနှံဖြစ်ထွန်းအောင်မြင်စေရန်၊ သဘာ၀ဘေးအ္တရာယ်နှင့် ရောဂါဘယကင်းဝေးစေရန်၊ တိုင်းပြည်အေးချမ်း သာယာပြီး ကမ္ဘာသူ၊ ကမ္ဘာသားများ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်နိုင်ရန် ဖြစ်သည်။

 

ပွဲတော်ကျင်းပပုံ

 

ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့် တံခွန်တိုင်ပွဲတော်ကို အများအားဖြင့် တန်ခူးလ တွင် ကျင်းပလေ့ရှိသည်။ ပွဲတော်ကိုမကျင်းပမီသုံးရက်မှ ငါးရက်အထိ ကြက်ရိုးထိုး ဗေဒင်မေး၍ တိုင်တော်ကိုခုတ်ယူမည့် နေ့ကောင်းရက်မြတ်ကို ရွေးချယ်ရသည်။ တိုင်တော်ကို နံနက်အရုဏ်ဦးအချိန်တွင် ကေ့ထျိုးဘိုးဗျာစယ်(ခ) ဂန်းခွမ့်ပစာခေါ် တံခွန်တိုင်အကြီးအကဲက ခုတ်ယူမည့် အပင် ကို ကွမ်းသီးကွမ်းရွက်၊ ဖယောင်းတိုင်၊ အမွှေး တိုင်တို့ဖြင့် ပူဇော်ပြီး ဆုတောင်းတိုင်တည်ပြီး မှ ခုတ်ယူရသည်။

 

တိုင်တော်ခုတ်ယူရာတွင် သပြေပင်ကို ရွေးချယ်ခုတ်ယူရမည်ဖြစ်သော်လည်း သပြေ ပင် ရှားပါးလာသောအခါ ခိုင်ခံ့စေရန်အတွက် ကျွန်းပင်၊ အင်ပင်တို့ကို အသုံးပြုလာကြသည်။ ခုတ်ယူသောတိုင်တော်သည် အပြစ်အနာဆာ ကင်းပြီး ဖြောင့်တန်းနေသောတိုင်တော်ဖြစ် ရမည်။ နွယ်ပင်များရစ်ပတ်နှောင်ဖွဲ့ထားခြင်း၊ ကြွက်၊ ငှက်များအသိုက်ဆောက်လုပ်ထား ခြင်း၊ ကျီးကန်း၊ လင်းတငှက်တို့ နားခိုခြင်းရှိ ပါက ခုတ်ယူခြင်း မပြုရပေ။ ခုတ်ယူထားသော တိုင်တော်ကို ရွာသားများစုပေါင်းလုပ်အားဖြင့် အချောသပ်ကာ ရွာအတွင်းသို့ ထမ်း၍ သယ်ဆောင်လာကြသည်။

 

တံခွန်တိုင်ခုတ်ယူသယ်ဆောင်ရာတွင် အမျိုးသမီးများနှင့် ဓလေ့အရအိမ်တွင်း မသန့်ရှင်းသော သူများ၊ အိမ်တွင် ကြက်လေး စပေါက်သော မိသားစုဝင်များပါဝင်ခြင်း မပြုရပေ။ ရွာထိပ်သို့ရောက်လျှင် ရွာအတွင်း ကျန်ရှိသော သက်ကြီးရွယ်အိုများက ဗုံမောင်း ဖြင့် ကြိုဆိုပြီး အမျိုးသမီးများက သပြေခက် တို့ဖြင့် အမွှေးနံ့သာရည် ပက်ဖျန်းကာ ကြိုဆိုကြသည်။ သတ်မှတ်ထားသောနေရာ ရောက်လျှင် တိုင်တော်ကိုလယ်ယာရစ်လှည့် ၍ စနစ်တကျနေရာချထားရသည်။ လူနှင့် တိရစ္ဆာန်များ မကျော်ခွနိုင်ရန်အတွက် အမြင့် တစ်နေရာတွင် တင်ထားရပါသည်။ တိုင်တော် ခုတ်ယူပြီးနောက်နေ့တွင် ထီးတော်ကိုပြင်ဆင် ကြရသည်။

 

ထီးတော်ပြင်ပြီးနောက်နေ့ နံနက် အရုဏ်ဦးအချိန်တွင် ဗုံမောင်းပလွေများအား တီးမှုတ်ပြီး တိုင်တော်ကိုစိုက်ထူကြသည်။ စိုက်ထူပြီးသည်နှင့် တံခွန်တိုင်အကြီးအကဲကဆုတောင်းတိုင်တည်ပြီး တိုင်တော်အားဂါရ၀ ပြုကြကာ ဖိတ်ကြားထားသော ဧည့်သည် တော်များသည်လည်း ကျေးရွာအလိုက် လာရောက်ဂါရ၀ပြုကြသည်။ ပွဲတော်ကြီး သည် တိုင်တော်စိုက်ထူပြီးသည့်နေ့ ညပိုင်း တွင် ပြီးဆုံးသွားပါသည်။

 

တံခွန်တိုင် တိုင်တော်အားရှစ်မြှောင့်(သို့) ခြောက်မြှောင့်ဖြစ်အောင် ပြုလုပ်ရပြီး အဖို တိုင်ဖြစ်လျှင် ငါးရက်ထားရ၍ အမတိုင်ဖြစ် လျှင် သုံးရက်ထားလေ့ရှိသည်။ အဖိုတိုင်မှာ ၂၅ ပေမှ အများဆုံး ၄၅ ပေထိရှည်၍ အမတိုင် မှာ အနည်းဆုံး ၁၂ ပေမှ အများဆုံး ၂၅ ပေ ထိ ရှည်လျားသည်။

 

ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့်တိုင်တော်၏ လက္ခဏာများ

 

ကေ့ထျိုးဘိုးတိုင်တော်ကို အပေါ်မှ အောက်ထိကြည့်လျှင် နေ၊ လ၊ ကြယ်၊ ဂြိုဟ် လေးစင်း၊ စပါးပင်၊ ဝါးရေဘူး၊ ဟင်္သာသိုက်၊ ငှက်ပျောဖူး၊ သပြေရွက်၊ သင်းခွေချပ်ကြေးခွံ၊ ငါးဖြူ၊ ဝက်ဖြူနှုတ်ခမ်း၊ လျှပ်စီးကြောင်း၊ လျှပ်စီးလက်၊ ဆင်ဖြူစွယ်၊ ကျောင်းတော်၊ က္ဘာမြေ၊ တိုင်တော်၊ ပင့်ကူအိမ်လုံး၊ တံခွန် တိုင်ရွက်၊ ပင့်ကူအိမ်လုံးရှည်နှင့် ကမ္ဘာအောက် ဂြိုဟ်သုံးစင်း စသောလက္ခဏာများ တွေ့ရ သည်။

 

ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့်၏ အဓိပ္ပာယ်

 

ကေ့ထျိုးဘိုးသည် ကယားဘာသာဖြစ်ပြီး ကေ့-ပိုင်နက်နယ်မြေ/ တိုင်းနိုင်ငံ၊ ထျိုး- ဖြစ် မြောက်အောင်မြင်ခြင်း၊ ဘိုး-အတိုင်းအတာ/ ဝင်ရိုးဟူသော တိုင်းနိုင်ငံ၊ ပိုက်နက်နယ်မြေ ဖြစ်မြောက်ခြင်းတိုင်တော်ဟု အဓိပ္ပာယ်ရပါ သည်။ဂန်းခွမ့်သည် ကယန်းဘာသာဖြစ်ပြီးဂန်း- ပိုင်နက်နယ်မြေ/ တိုင်းနိုင်ငံ၊ ခွမ့်-ဗွေတော် ဟူ သော ပိုင်နက်နယ်မြေ၏ ဗွေတော်ဟု အဓိပ္ပာယ်ရပါသည်။

 

456

 

စုပေါင်းတံခွန်တိုင်ပွဲတော် စတင်ကျင်းပခြင်း

 

ရှေးယခင်ကတည်းက တံခွန်တိုင်ပွဲတော် ကို ကျေးရွာအလိုက်ကျင်းပကြပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ ထုံးစံများ မပျောက်ကွယ်စေရန်အတွက် ၁၉၅၈ ခုနှစ် ဧပြီ ၂၆ ရက်တွင် ပြည်နယ်အစိုးရ အဖွဲ့များဖြစ်ကြသော မဟာသရေစည်သူ ဦးစိန်၊ သီရိပျံချီဦးအေးမြတ်လေး၊ ဝဏ္ဏ ကျော်ထင်၊ ဦးဘူးရယ်၊ ဝန်ကြီးစပ်ဝဏ္ဏတို့ ဦးစီး၍ တစ်ပြည်နယ်လုံးဆိုင်ရာ စုပေါင်းတံခွန် တိုင်ပွဲတော်ကြီးကို ဒီးမော့ဆိုမြို့နယ် ဒေါတငူး (ရှေ့)ကျေးရွာတွင် စတင်ကျင်းပခဲ့သည်။

 

တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိပြီး စည်းလုံးညီညွတ်မှု အားကောင်းလာစေရန်၊ တိုင်းရင်းသားလူမျိုး တို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖော်ထုတ်ပြသနိုင်ရန်၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို လေးစားတန်ဖိုးထားပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြှင့်တင်ပေးနိုင်ရန်၊ တိုင်းရင်းသားလူမျိုးများငြိမ်းချမ်းသာယာစွာအတူတကွ ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်၍ စုပေါင်းတံခွန်တိုင်ပွဲတော်ကို ကျင်းပလာခဲ့ကြသည်။

 

လာရောက်လေ့လာနိုင်

 

ယခုဆိုလျှင် ကယားပြည်နယ်လုံးဆိုင်ရာ (၆၁)ကြိမ်မြောက် စုပေါင်းကေ့ထျိုးဘိုး(ခ) ဂန်းခွမ့်တံခွန်တိုင်ပွဲတော်ကို ဧပြီ ၅ ရက်မှ ၉ ရက်အထိ ဒီမော့ဆိုမြို့နယ် ဒေါခလိုက်လင်း ကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ပြီး ကယားတိုင်းရင်းသား မျိုးနွယ်စုတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ များ၊ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ပွဲတော် ကျင်းပနေမှုများကို လာရောက်လေ့လာနိုင် ကြောင်း ဖိတ်ခေါ်၍ ရေးသားတင်ပြလိုက် ရပါသည်။ ။

 

ကြေးမုံ