ဗညားဦး
ဥဿာဟူ၍လည်းကောင်း၊ ဟံသာဝတီဟူ၍လည်းကောင်း ခေါ်ဆိုကြသည့် ပဲခူးတွင် မွန်ဘုရင်များ ထီးနန်းစိုးစံခဲ့သည့် သမိုင်းကြောင်းသည် ယနေ့အထိ ထင်ရှားဆဲဖြစ်သည်။ ဟံသာဝတီ မင်းနေပြည်တော်တည်ရှိပြီး စည်ကားဝေစည်ခဲ့ သည့် ပဲခူးတိုင်းဒေသကြီးသည် ခေတ်အဆက်ဆက် ပြောင်းလဲရှင်သန်ရင်းဖြင့် လူဦးရေ ၄ ဒသမ ၈ သန်း ကျော် မှီတင်းနေထိုင်သော လူဦးရေထူထပ်သည့် တိုင်းဒေသကြီးတစ်ခု ဖြစ်လာသည်။
အခြေခံလိုအပ်ချက်များ
တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသတွင် နေထိုင်သည့် ကျေးလက်နေပြည်သူ ၇၈ ရာခိုင်နှုန်း ကျော်ရှိပြီး စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြ သည်။ သို့ဖြစ်၍ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိ သည့် စပါး၊ ကွမ်း၊ ကြံ၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲ၊ ရော်ဘာ၊ ဆေးရွက်ကြီး စသည့်စိုက်ပျိုးသီးနှံ မျိုးစုံကို အချိန်မီ ရောင်းဝယ်ဖောက်ကားနိုင်ရန် လမ်းများကောင်းမွန်ရေးသည် အခြေခံလိုအပ်ချက်များ ဖြစ်လာသည်။
တိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ဒေသတွင်း လမ်းများ ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် AC လမ်း၊ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်း၊ မြေလမ်း စသည့် လမ်းအမျိုးအစားများကို ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
နှစ်စဉ်ရရှိသော ဘဏ္ဍာရန်ပုံငွေများဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး အတွင်း Paved Ratio (ကတ္တရာ ကွန်ကရစ်/ ကွန်ကရစ်/ ကတ္တရာလမ်းဖြစ်ပြီးလမ်းမိုင်အချိုး) အနေဖြင့် ၉၂ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဖော်ဆောင်နိုင်ခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ တိုင်းဒေသကြီးအတွင်းက လမ်းပိုင်းတွေကောင်းမွန်ရေး ဆောင်ရွက်တဲ့ နေရာမှာ ပြည်ထောင်စုလမ်းမိုင်အချိုးနဲ့ တိုင်းဒေသ ကြီး လမ်းမိုင်အချိုးမှာ (၄၁ ရာခိုင်နှုန်းအချိုး ၅၉ ရာခိုင်နှုန်း)ဖြစ်ပြီး လမ်းဦးစီးဌာနက တာဝန်ယူတဲ့ လမ်းမိုင်အချိုးနှင့် B.O.T စနစ်နဲ့ ဆောင်ရွက်တဲ့ လမ်းမိုင်အချိုးမှာ (၇၃ ဒသမ ၄ ရာခိုင်နှုန်းအချိုး ၂၆ ဒသမ ၆ ရာခိုင်နှုန်း) ရှိပါတယ်”ဟု တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးတိုးတိုးက ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း လမ်းများ/တံတားများ ကောင်းမွန်စေရန်အတွက် လမ်းဦးစီးဌာနမှ ခရိုင်လေးခု၊ လမ်းအထူးအဖွဲ့ နှစ်ဖွဲ့၊ တံတားဦးစီးဌာနမှ တံတားအထူးအဖွဲ့ တစ်ဖွဲ့ဖြင့် လမ်း/တံတား လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
“မြို့ပေါ်လမ်းတွေက အားလုံးနီးပါး ကောင်း နေပြီ။ ဒီလိုပဲ တိုင်းဒေသကြီးထဲက တခြားမြို့တွေက လမ်းတွေ ကောင်းလာတာလည်း အထင်အရှားပါ။ ဒေသတစ်ခုတိုးတက်ဖို့ လမ်းက အခြေခံဖြစ်တဲ့ အတွက် လမ်းကောင်းတော့ ပြည်သူစိတ်ချမ်းသာ တာပေါ့။ ပြည်သူတွေအနေနဲ့ ဖွံ့ဖြိုးမှုကို မျက်မြင် ခံစားနိုင်တာ လမ်းကွန်ရက်လို့ ဆိုနိုင်ပါတယ်”ဟု ပဲခူးမြို့မှ ဒေသခံ ဦးဝင်းမြင့်က ပြောသည်။
ပုဂ္ဂလိကကုမ္ပဏီငါးခု
ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ပြည်ထောင်စုမှ စီမံခန့်ခွဲလျက်ရှိသည့် လမ်း ၁၂ လမ်းရှိပြီး လမ်းမိုင်အရှည် ၅၄၈ မိုင် ၇ ဖာလုံ ပေ ၃၆၀၊ တိုင်းဒေသကြီးမှ စီမံခန့်ခွဲလျက်ရှိသည့် လမ်း ၄၃ လမ်းရှိပြီး လမ်းမိုင်အရှည် (၇၉၃ မိုင် ၂ ဖာလုံ ၅၀၇ ပေ) လမ်းအရေအတွက် စုစုပေါင်း ၅၅ လမ်း၊ လမ်းမိုင်အရှည်အားဖြင့် ၁၃၄၂ မိုင် ၂ ဖာလုံ ၂၀၇ ပေနှင့် ပေ ၁၈၀ အထက် သံကူကွန်ကရစ်တံတား အပါအဝင် စုစုပေါင်း တံတား ၃၀၃၁ စင်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လမ်းပိုင်းများအနက် လမ်းမိုင်( ၃၅၆ မိုင် ၆ ဖာလုံ) ကို ပုဂ္ဂလိကကုမ္ပဏီငါးခုမှ B.O.T စနစ်ဖြင့် တာဝန် ယူဆောင်ရွက်လျက်ရှိသည်။
B.O.T စနစ်ဖြင့် မက်(စ်) ဟိုင်းဝေး၊ ရွှေသံလွင်၊ ဟိုက်စတား၊ ကမ္ဘောဇနှင့် Oriental High Way ကုမ္ပဏီတို့က ရန်ကုန် - တောင်ငူ - မန္တလေးလမ်း၊ ရန်ကုန် - ပြည်လမ်း၊ ရန်ကုန် - မော်လမြိုင် - မြိတ် လမ်း၊ စစ်တောင်းတံတား (မုပ္ပလင်) ချဉ်းကပ်လမ်း၊ ပဲခူးမြို့တွင်းလမ်းနှင့် ပြည်မြို့တွင်းလမ်း စသည့် လမ်းပိုင်းခြောက်ခုကို သက်ဆိုင်ရာလမ်းမိုင်အလိုက် ဆောင်ရွက်လျက်ရှိသည်။
“ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ရန်ကုန် - မန္တလေးလမ်းမကြီး (ထောက်ကြန့် - ပဲခူးအပိုင်း)မှာ လမ်းအရှည် ၃၃ မိုင် ၅ ဖာလုံကို B.O.T စနစ်နဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။ ထောက်ကြန့်ကနေ ပဲခူးမြို့ရှောင်လမ်းထိပ်အထိ လမ်းအကျယ် ၇၂ ပေ၊ လမ်းအရှည် ၂၇ မိုင် ၇ ဖာလုံ၊ ပဲခူးမြို့ ရှောင်လမ်းထိပ်ကနေ ဆင်ဖြူတွင်းလမ်းခွဲအထိ လမ်းအကျယ် ၂၄ ပေ၊ လမ်းအရှည် ၅ မိုင် ၆ ဖာလုံ ဖြစ်ပါတယ်။ ပြီးတော့ ပဲခူးမြို့တွင်းလမ်းအနေနဲ့ ပဲခူးမြို့ရှောင်လမ်းထိပ်ကနေ နာရီစင်အထိ လမ်းအကျယ် ၇၂ ပေ၊ လမ်းအရှည် ၄ မိုင် ၇ ဖာလုံ ဖြစ်ပါတယ်။” ဟု Max Highway Co.,Ltd ၏ တာဝန်ခံ ဒုတိယအင်ဂျင်နီယာချုပ် ဦးမြင့်သိန်းဌေး က ပြောသည်။
လမ်းများ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရာတွင် နှစ်ရှည်ပင်မစီမံကိန်းတွင် ပါဝင်သော နိုင်ငံတကာနှင့် ဆက်သွယ်သည့်လမ်းများ၊ အဓိက ပြည်ထောင်စုလမ်းများအား ကတ္တရာလမ်း ၃ ဒသမ ၆၆ မီတာအကျယ်မှ ၅ ဒသမ ၅ မီတာ အကျယ်ချဲ့ရန် နှင့် ခုနစ်မီတာအကျယ် ကတ္တရာကွန်ကရစ်လမ်းအဖြစ် ရရှိအောင် ဘဏ္ဍာနှစ်အလိုက် ရရှိရန်ပုံငွေအပေါ် မူတည်၍ အဆင့်ဆင့်တိုးမြှင့်ဖောက်လုပ်ရန်၊ တိုင်း ဒေသကြီးလမ်းများအား ရာသီမရွေးသွားလာနိုင် သည့် လမ်းဖြစ်ရန်နှင့် ၃ ဒသမ ၆၆ မီတာ ၁၂ ပေ အကျယ်မှ ၅ ဒသမ ၅ မီတာ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရန် ဘဏ္ဍာ နှစ်အလိုက်ရရှိရန်ပုံငွေအပေါ်မူတည်၍ အကောင်အထည် ဖော်ဆောင်ရန်ဟူသည့် လုပ်ငန်းစဉ်များကို လမ်းဦးစီးဌာနက ချမှတ်ကာ အရည်အသွေး ပြည့်မီသော လမ်းလုပ်ငန်းများဖြစ်စေရန် လမ်းဦးစီး ဌာနက အရည်အသွေးစိစစ်ရေးအဖွဲ့များ၏ စစ်ဆေး စိစစ်မှုများဖြင့် အကောင်အထည်ဖော်လျက် ရှိသည်။

လုပ်ငန်းအရေအတွက် ၂၃၂ ခု
တိုင်းဒေသကြီး လမ်းဦးစီးဌာနသည် ပြည်ထောင်စု/ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကတ္တရာ ကွန်ကရစ် (AC) လမ်း ၁ ဒသမ ၉၆ မိုင်၊ ကွန်ကရစ် လမ်း ၇ ဒသမ၂၇ မိုင်၊ ကတ္တရာလမ်းသစ်ခင်းခြင်း ၃ ဒသမ ၆၇၉ မိုင်၊ ကတ္တရာလမ်းချဲ့ခြင်းနှင့် အဆင့် မြှင့်တင်ခြင်း ၅၅ ဒသမ ၂၂၄၅ မိုင်၊ ကျောက်လမ်း ၄ ဒသမ ၁၂၅ မိုင်၊ အမာခံလမ်း တစ်မိုင်၊ မြေသား တာပေါင် တည်ဆောက်ခြင်း ၁၂ ဒသမ ၅၆၃ မိုင်၊ ပေ ၅၀ နှင့်အထက် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း သုံးစင်း၊ ပေ ၅၀ အောက်သံကူ ကွန်ကရစ်တံတားနှင့် ရေပြွန်တည်ဆောက်ခြင်း ၄၄ စင်း၊ ကျောက်စီရေမြောင်းနှင့် မြေကာနံရံ တည်ဆောက်ခြင်း ၃၁၈၂ ပေ၊ အသိပေး/ သတိပေးဆိုင်းဘုတ်စိုက်ထူခြင်းနှင့် သာမန်ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ စသည့် လုပ်ငန်းအပါအဝင် လုပ်ငန်းအမျိုးအစားပေါင်း ၁၃ ခု၊ လုပ်ငန်းအရေ အတွက် ၂၃၂ ခုဖြင့် လမ်း/တံတားအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ခြောက်လဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လမ်းဦးစီးဌာနသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု / တိုင်းဒေသကြီး ရန်ပုံငွေတို့ ဖြင့် ကတ္တရာကွန်ကရစ် (AC)လမ်းခင်းခြင်း ၂ မိုင်၂ ဖာလုံ၊ ကွန်ကရစ်လမ်းခင်းခြင်း ၁၅ မိုင် (သုည ဒသမ ၂ ဖာလုံ)၊ ကတ္တရာလမ်းသစ်ခင်းခြင်း သုည မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်းချဲ့ခြင်း၊ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာ ရေပိတ်လွှာလောင်းခြင်း ၁၅ မိုင် ၂ ဒသမ ၅ ဖာလုံ၊ ကျောက်လမ်းခင်းခြင်း (၉ မိုင် ၁ ဖာလုံ)၊ မြေသားတာပေါင် တည်ဆောက်ခြင်း (၁၁ မိုင် ၇ ဖာလုံ)၊ ပေ ၅၀ နှင့်အထက် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်း(နှစ်စင်း)၊ ပေ ၅၀ အောက် သံကူကွန်ကရစ်တံတားနှင့် ရေပြွန်တည်ဆောက် ခြင်း ၂၇ စင်း၊ ကီလိုမီတာတိုင်/ အသိပေး/ သတိပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် သာမန်ပြင်ဆင် ထိန်းသိမ်းခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိသည်။
“ကျွန်တော်တို့ ဌာနအနေနဲ့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ နှစ်မှာ လျာထားတဲ့လုပ်ငန်းတွေ ပြီးစီးတဲ့အခါ Paved Ratio (ကတ္တရာကွန်ကရစ်/ ကွန်ကရစ်/ ကတ္တရာလမ်းဖြစ်ပြီး လမ်းမိုင်အချိုး)အနေနဲ့ ၉၂ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ အဆင့်မြှင့်ဖို့ ကျန်ရှိနေတဲ့ ကျောက်လမ်း၊ အမာခံလမ်းနဲ့ မြေလမ်းတွေကိုလည်း လာမယ့်ဘဏ္ဍာနှစ်တွေမှာ ထည့်သွင်းပြီးနှစ်အလိုက်ရရှိတဲ့ နိုင်ငံတော်ဘဏ္ဍာနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးက ပြောသည်။
သို့ဖြစ်၍ တိုင်းဒေသကြီး လမ်းဦးစီးဌာန အနေဖြင့် ဌာန၏လုပ်ငန်းစဉ်နှင့်အညီ ရာသီမရွေး သွားလာနိုင်သည့် လမ်းဖြစ်ရန်နှင့် တိုင်းဒေသကြီး အတွင်းရှိ လမ်းကွန်ရက်များကို ၃ ဒသမ ၆၆ မီတာ ၁၂ ပေအကျယ်မှ ၅ ဒသမ ၅ မီတာ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရန် ရည်ရွယ် ကြိုးပမ်း ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။ ။