မိုးယံ

 

လျှာပေါ်စွဲကျန်သည့် ခါးဆိမ့်ဆိမ့်အရသာကြောင့် ကော်ဖီကို လူမျိုးဘာသာမရွေး နှစ်သက်စွဲလမ်းစွာ သောက်သုံးကြသည်။ နံနက်စောစောတွင် နံနက်စာ (Breakfast) အဖြစ် သောက်သုံးလေ့ရှိကြသလို နေ့လယ်နေ့ခင်းအိပ်ချင်သည့်အခါ ကော်ဖီ တစ်ခွက်သောက်လိုက်ရမှ အိပ်ချင်ပြေတတ်ကြသည်။ မိုးစို၍ချမ်းအေးသည့်အခါ ကော်ဖီပူပူလေး သောက်တတ်ကြသည်။

 

“ကော်ဖီသောက်တိုင်း လွမ်းတယ်၊ ကော်ဖီခါးခါး၊ ဘလက်ကော်ဖီ စသည်ဖြင့် တေးသီချင်းများတွင် တင်စားဖွဲ့နွဲ့ရလောက်အောင် ကော်ဖီက လူတိုင်း၏ နေ့စဉ်ဘဝတို့နှင့် နီးစပ်ခဲ့သည်။

 

ကော်ဖီကို အဖျော်ယမကာအဖြစ် မြှင့်တင် ဂုဏ်ပြုသောအားဖြင့်လည်း နှစ်စဉ်အောက်တိုဘာ ၁ ရက်ကို အပြည်ပြည်ဆိုင်ရာ ကော်ဖီနေ့ (International Coffee Day) အဖြစ် သတ်မှတ်ထားသည်။

 

နေ့စဉ်လုပ်ငန်းဆောင်တာကို အထောက်အကူပြု

 

ကော်ဖီနှင့်ပတ်သက်၍ အိမ်ရှင်မတစ်ဦးက “ကော်ဖီကို အချိုဓာတ်နည်းနည်းနဲ့ တစ်ခွက် ဖျော်ထားပြီး နံနက်စာပြင်ဆင်ရင်း၊ ထမင်းဟင်း ချက်ရင်း၊ အိမ်မှုကိစ္စတွေလုပ်ရင်း သောက်လိုက်ရမှ မသောက်ရရင် တစ်ခုခုလိုနေသလိုလို စိတ်တိုဒေါသ ထွက်သလိုလို ခံစားရတယ် ဟု နေ့စဉ်လုပ်ငန်း ဆောင်တာတို့ လုပ်ဆောင်နိုင်စွမ်းကို ကော်ဖီက အထောက်အကူပြုနေကြောင်း ၎င်း၏ထင်မြင်ချက်ကို အထက်ပါအတိုင်း ဖွင့်ဟပြောကြားသည်။

 

Expresso, Americano, Ristretto, Cafe Latte, Cappuccino , Flat White, Piccolo Latte, Mocha, Affogato, Latte စသည်ဖြင့် မတူကွဲပြားသည့် ဖျော်စပ်မှုပုံစံအမျိုးမျိုးရှိပြီး ငွေကြေးတန်ဖိုးအနေဖြင့် ကော်ဖီတစ်ခွက်ကို ငွေကျပ်တစ်ထောင်ဝန်းကျင်မှ စ၍ သောင်းဂဏန်းအထိ ကော်ဖီအမျိုးအစားနှင့် အရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းအမျိုးမျိုး ရှိကြသည်။

 

ကော်ဖီကောင်းတစ်ခွက်ရရန် အဆင့်များစွာရှိ

 

စိုက်ပျိုးထုတ်လုပ်မှုပုံစံများ၊ စိုက်ခင်းများတွင် ပြုစုထိန်းသိမ်းမှု၊ ကော်ဖီသီးကို Processing ပြုလုပ်မှု၊ သိုလှောင်ထိန်းသိမ်းမှုနှင့် အခြောက်ခံမှု စသည်ဖြင့် ကော်ဖီကောင်းတစ်ခွက်ရရန် လိုအပ်သည့် အဆင့်များစွာရှိသည်။

 

“ ဈေးကောင်းရဖို့ဆိုရင် ထုတ်လုပ်တဲ့ ကော်ဖီက အရည်အသွေးကောင်းဖို့ လိုအပ်ပါတယ်။ အရည် အသွေးကောင်းတဲ့ အထူးတန်းဝင်ကော်ဖီ (Specialty Coffee) ရဖို့ဆိုရင် အရေးကြီးတဲ့ လိုအပ် ချက်တွေရှိပါတယ်။ စိုက်ပျိုးတဲ့နေရာဒေသ၊ ကော်ဖီမျိုး၊ စိုက်ပျိုးပြုစုတဲ့ နည်းစနစ်တွေနဲ့ ထွက်ရှိလာတဲ့ ကော်ဖီသီးကို Processing လုပ်ပုံ လုပ်နည်းတွေက အရည်အသွေးကောင်း ကော်ဖီရဖို့ အလွန်အရေးကြီးတဲ့ အချက်တွေဖြစ်ပါတယ်။ အထူးတန်းဝင်ကော်ဖီအဖြစ် ထုတ်လုပ်ပြီး နိုင်ငံ တကာ ဈေးကွက်ကို တင်ပို့နိုင်မှသာ ဈေးကောင်း ရရှိမှာဖြစ်ပါတယ် ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပညာရှင်တစ်ဦးက ပြောသည်။

 

ကော်ဖီသီးနှံ၏ မူရင်းဒေသမှာ အီသီယိုပီးယား နိုင်ငံဖြစ်ပြီး ၁၃ ရာစုတွင် စတင်တွေ့ရှိခဲ့ပြီး ထိုမှတစ်ဆင့် ကော်ဖီပင်သည် အီဂျစ်နိုင်ငံနှင့် ယီမင် နိုင်ငံတို့သို့ ပျံ့နှံ့ခဲ့သည်။ ၁၅ ရာစု နောက်ပိုင်းတွင် အင်္ဂလန်၊ ဘရာဇီးလ်၊ ဩစတြေးလျ၊ အမေရိက၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် စိုက်ပျိုးခဲ့ကြ သည်။

၁၇၂၇ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံနှင့် ၁၈၅၇ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံတို့တွင် ကော်ဖီပင် အမြောက်အမြား စိုက်ပျိုးထုတ်လုပ်လာကြပြီး မြန်မာနိုင်ငံတွင် ၁၈၈၅ ခုနှစ်၌ စတင်စိုက်ပျိုးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

 

ကမ္ဘာ့ကော်ဖီကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းမှာ အာရေဘီးကားကော်ဖီဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမှာ ရိုဘတ်စတာ ကော်ဖီဖြစ်သည်။ ဘရာဇီးလ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အာရေဘီးကားကော်ဖီ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရိုဘတ်စတာကို အများဆုံး ထုတ်လုပ်သည်။

 

ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် အမြင့်ပေ ၃ဝ ကျော်အထိ ရှင်သန်နိုင်သည်။ ကော်ဖီပင်တွင် အရွက်နှင့် အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန် မွှေးကြိုင်သည့် ပန်းဖြူများ အစုလိုက်ပွင့်တတ် ကြသည်။ ကော်ဖီပင်များသည် သုံးနှစ်သားအရွယ် ခန့်တွင် စတင်သီးပွင့်သော်လည်း ၄ - ၅ နှစ်သား အရွယ်ရောက်မှ စီးပွားဖြစ် စတင်ခူးဆွတ်ကြ သည်။ ကော်ဖီပင်ကို စနစ်တကျ ပြုစုထိန်းသိမ်း ပါက အနှစ် ၂ဝ မျှကြာအောင် စီးပွားဖြစ် အထွက် နှုန်းကို ရနိုင်သည်။ အသီးများသည် ပထမ၌ အစိမ်းရောင် ထိုမှတစ်ဆင့် အဝါရောင် နောက်ဆုံး ခူးဆွတ်ချိန်တွင် အနီရောင်ဖြစ်သွားသည်။

 

အဓိက စိုက်ပျိုးထုတ်လုပ်

 

ကော်ဖီမျိုးစိတ်ပေါင်းများစွာ ရှိသည့်အနက် မြန်မာနိုင်ငံတွင် အာရေဘီးကား (ကုန်းမြင့်ကော်ဖီ)နှင့် ရိုဘတ်စတာ (မြေနိမ့်ကော်ဖီ) နှစ်မျိုးကို အဓိက စိုက်ပျိုးထုတ်လုပ်ကြပြီး ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်ဒေသနှင့် မိုးကုတ် မြို့နယ်တို့တွင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

 “အမြင့်ပေ ၂၅၀၀ ကနေ ၆၀၀၀ အကြားဆိုရင် အာရေဘီးကား (ကုန်းမြင့်ကော်ဖီ) ကို စိုက်ပျိုးနိုင်ပြီး အမြင့်ပေ ၂၅၀၀ အောက်ဆိုရင် ရိုဘတ်စတာ (မြေနိမ့်ကော်ဖီ) ကို စိုက်ပျိုးနိုင်ပါတယ်။ အာရေ ဘီးကားကော်ဖီရဲ့ သဘာဝက ကုန်းမြင့်ရင် အရည် အသွေးပိုကောင်းလာပေမယ့် အထွက်နှုန်းတော့ နည်းသွားတတ်ပါတယ်။ ဒါကြောင့် အမြင့်ပေက အရည်အသွေးကို လွှမ်းမိုးမှုရှိသလို အထွက်နှုန်း အပေါ်လည်း သက်ရောက်မှုရှိပါတယ်။ အာရေဘီးကား မျိုးစိတ်ရဲ့အောက်မှာ မျိုးကွဲတွေက အများကြီးရှိပါတယ်။ ဒီမျိုးကွဲတွေက သောက်သုံး ရတဲ့ အရသာ၊ အရည်အသွေး၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိမှု၊ ရေငတ်ဒဏ်ခံနိုင်ရည်ရှိမှု စတဲ့ အရည်အသွေးလက္ခဏာတွေ မတူညီကြပါဘူး ဟု စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ

 

မြန်မာနိုင်ငံ၏ နှစ်စဉ်ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်တစ်သောင်းခန့်ရှိပြီး တန်ချိန် ၈၀၀၀ ခန့်ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

အရည်သွေးမြင့် မြန်မာ့ကော်ဖီသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၀၀ မှ ၈၂၀၀ ခန့်အထိ ရရှိနေပြီး အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့အထိ ဈေးကွက်ရရှိထားပြီးဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။

 

“နိုင်ငံခြားကို တင်ပို့တာက ကော်ဖီဆန်အစိမ်းကို ပို့တာဖြစ်တဲ့အတွက် ထုတ်လုပ်မှုကွင်းဆက် Supply Chain တစ်လျှောက်လုံးမှာ နည်းပညာနဲ့ပြည့်စုံပြီး သေသေချာချာ ဂရုစိုက်ထုတ်လုပ်မှသာ အထူးတန်းဝင်တဲ့ ကော်ဖီကို ရရှိမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ အထူးတန်းဝင်ကော်ဖီကို အများကြီး မထုတ်လုပ်နိုင်သေးပါဘူး။ အခုမျိုးရွေးချယ်မှုတွေနဲ့ စိုက်ပျိုးထုတ်လုပ်မှုတွေ အထူး တန်းဝင်အောင် အတော်လေး ဂရုစိုက်လာကြပါပြီ ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပညာရှင်တစ်ဦး က ပြောသည်။

 

 

နိုင်ငံပိုင်ခြံနှင့် ပုဂ္ဂလိကခြံများမှ ဖြန့်ဖြူး

 

မြန်မာနိုင်ငံတွင် အထူးတန်းဝင်ကော်ဖီ စိုက်ပျိုးထုတ်လုပ်ရန် ရေခံမြေခံကောင်းများရှိသော်လည်း ဒေသတွင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ လာအိုတို့နှင့် နှိုင်းယှဉ်ပါက စိုက်ပျိုးထုတ်လုပ်မှု အရေအတွက် နည်းသည့်အတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရန် မျိုး၊ ပျိုးပင်နှင့် နည်းပညာများကို နိုင်ငံပိုင်ခြံများနှင့် ပုဂ္ဂလိကခြံများမှ ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

 

ကော်ဖီသီးနှံကို ဧကကျယ်စိုက်ခင်းများဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ်မှုကို အဓိက မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်တွင် အများဆုံး တွေ့ရှိရပြီး လက်ရှိအချိန်အထိ ကော်ဖီစိုက်ဧက တစ်သောင်းကျော်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ ပြည့်နှစ်တွင် ထုတ်လုပ်မှုပမာဏ တန်ချိန် တစ်သောင်းခွဲမှ နှစ်သောင်းအထိ ရောက်ရှိလာမည်ဟု ကော်ဖီ ပညာရှင်များက ခန့်မှန်းထားသည်။

 

ပြင်ဦးလွင်မြို့သည် ရေမြေရာသီဥတု ကောင်းမွန်ပြီး သာယာလှပသဖြင့် ပြည်တွင်း ခရီးသွားများနှင့် ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားမှုများပြား၍ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သော မြို့တစ်မြို့ဖြစ်သည်။

 

တောင်ပေါ်အပန်းဖြေစခန်းမြို့အဖြစ် ခရီးသွားများကို ဆွဲဆောင်နိုင်ရန် ပြင်ဦးလွင်မြို့ကို နိုင်ငံ တကာအဆင့်မီ သာယာလှပအောင် ဆောင်ရွက်လျက်ရှိပြီး ကော်ဖီစိုက်ပျိုးထုတ်လုပ်သည့် မြို့ဖြစ်၍ ကော်ဖီမြို့တော်အဖြစ် အကောင်အထည်ဖော်ခြင်းဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်က ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

 

ပြင်ဦးလွင်မြို့ကို ကော်ဖီမြို့တော်အဖြစ် ထင်ရှားလာစေရန်၊ မြန်မာ့ကော်ဖီ အရည်အသွေး နှင့်ထုတ်လုပ်မှုတိုးတက်ပြီး ကမ္ဘာ့ကော်ဖီဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရန်အတွက် ရည်ရွယ်၍ ပြင်ဦးလွင်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေး ခြံ (ပွေးတောင်) ကို ကော်ဖီအပန်းဖြေဥယျာဉ် တစ်ခု အဖြစ် ရည်ရွယ်ဖော်ဆောင်လျက်ရှိသည်။

 

ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (ပွေးတောင်)သည် မြေဧကအားဖြင့် ၃၈၆ ဒသမ ၃ ဧက ကျယ်ဝန်း ပြီး ကော်ဖီမျိုးကောင်းမျိုးသန့်များ ဖြန့်ဝေပေးခြင်း၊ တောင်သူနည်းပညာ ဖြန့်ဝေခြင်း၊ သုတေသန ပြုလုပ်ခြင်း စသည့်လုပ်ငန်းတို့ကို အဓိကထား လုပ်ဆောင်လျက်ရှိသည်။

 

ယခုအခါ ကော်ဖီအပန်းဖြေဥယျာဉ်ကို မြေဧက ၈၃ ဒသမ ၄၈ ဧကတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ကော်ဖီဥယျာဉ်အတွင်းရှိ Information Center တွင် ကမ္ဘာ့ကော်ဖီသမိုင်း၊ မြန်မာ့ကော်ဖီသမိုင်း၊ မြန်မာနိုင်ငံတွင် ဒေသအလိုက် စိုက်ပျိုးနိုင်သော ကော်ဖီမျိုးများ အကြောင်းနှင့် Coffee Knowledge Center တွင် ကော်ဖီနှင့် ပတ်သက်သည့် သိကောင်းစရာ ဗဟုသုတများကို အပန်းဖြေအနားယူရင်း လွယ်ကူစွာ လေ့လာနိုင်မည် ဖြစ်သည်။

 

ထို့ပြင် ကော်ဖီစစ်စစ်အရသာကို သောက်သုံး နိုင်သည့် ကော်ဖီဆိုင်များ၊ ပြင်ဦးလွင်ဒေသထွက် ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် တစု တစည်းတည်း လေ့လာဝယ်ယူနိုင်မည်ဖြစ်သည်။

 

“သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ပြည်သူလူထု အနားယူအပန်းဖြေခရီးသွားလာနိုင် တဲ့ နေရာတစ်ခုအဖြစ်ဖန်တီးမှာ ဖြစ်ပါတယ်။ လာရောက်တဲ့ခရီးသွားတွေအနေနဲ့ ရာသီအလိုက် ပန်းတွေနဲ့ သန့်ရှင်းသာယာပြီး သဘာဝ တောတောင်ရေမြေကို ထိတွေ့ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ် ဟု ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (ပွေးတောင်) တာဝန်ခံက ပြောသည်။

 

ကော်ဖီအပန်းဖြေဥယျာဉ်တွင် သဘာဝကို ခံစားထိတွေ့နိုင်ရန် တောတွင်းလျှောက်လမ်းများ၊ ချောင်းရိုး တစ်လျှောက်လူသွားလမ်းများ၊ သဘာဝ ရေထွက်ကန်အနီး ဆပ်သွားဖူးတောအတွင်း ရွှံ့နွံတော လျှောက်တံတားများ၊ သဘာဝရေထွက် ကန် (၁) နှင့် (၂) တို့မှ စီးဆင်းလာသည့် ချောင်းရိုး တစ်လျှောက် အလှဆင်သည့် လုပ်ငန်းများ၊ အလှ ဓာတ်ပုံရိုက်ကူးနိုင်ရန် နေရာများ၊ ရှားပါးအပင်များ နှင့် သက်တမ်းနှစ်ပေါင်း ၁၂၀ ခန့်ရှိသည့် ညောင်ထောက်ပင်ကို အလှဆင်ခြင်းလုပ်ငန်း၊ ကော်ဖီ စိုက်ခင်းများ၊ Coffee Barista Camp၊ ကော်ဖီကြိတ်ခွဲ ထုတ်လုပ်သည့်စက်ရုံများ ပါဝင်မည်ဖြစ်သည်။

 

“ခရီးသွားတွေ စိတ်နှလုံးကို အေးချမ်းစေမယ့် နေရာတစ်ခုအဖြစ် လာရောက်အပန်းဖြေနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုအပန်းဖြေဥယျာဉ်အဖြစ် အကောင်အထည်ဖော်လိုက်ခြင်းအားဖြင့် သဘာဝအခြေခံတဲ့ ခရီးသွားလုပ်ငန်းအဖြစ် ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ဒေသထွက်ကုန်တွေ၊ ကော်ဖီထုတ်ကုန်တွေ ရောင်းဝယ်ဖောက်ကားမှု ပိုမိုတွင်ကျယ်လာပြီး ဒေသတွင်း ဝင်ငွေပိုမိုတိုးတက် ရရှိလာစေမှာဖြစ်ပါတယ် ဟု ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (ပွေးတောင်) တာဝန်ခံက ပြောသည်။

 

ယခုအခါ ကော်ဖီဥယျာဉ်အဖြစ် အကောင်အထည်ဖော်ခြင်းဖြင့် ကော်ဖီနှင့်ပတ်သက်သည့် အသိပညာများ ပိုမိုလွယ်ကူစွာ ပြန့်ပွားရေးနှင့် တစ်နေရာတည်းတွင် လွယ်ကူလျင်မြန်စွာ ရောင်းဝယ် ဖောက်ကားနိုင်သော One Stop Service ကော်ဖီ ဈေးကွက်တစ်ခု ဖော်ဆောင်သည့်လုပ်ငန်းကို ထပ်မံ တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ကော်ဖီချစ်သူများအနေဖြင့် ကော်ဖီ စိုက်ပျိုးမှုမှ ကော်ဖီမှုန့်ရရှိသည်အထိ ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ဗဟုသုတရလို၍ဖြစ်စေ၊ ကော်ဖီ စစ်စစ်အရသာကို မြည်းစမ်းလို၍ဖြစ်စေ၊ ရာသီ အလိုက်ပန်းများနှင့် သာယာလှပသည့် သဘာဝတရားနှင့် ထိတွေ့ခံစားလို၍ဖြစ်စေ ပြင်ဦးလွင် မြို့နယ်က ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (ပွေးတောင်) ကော်ဖီဥယျာဉ်သို့ တစ်ခေါက်တစ်ခါ လှမ်းလာခဲ့ပါဟု ဖိတ်ခေါ်လိုက်ရပါသည်။