ရန်ကုန် ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ်နှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းတစ်လျှောက် ကတ္တရာကွန်ကရိ(AC) ထပ်ပိုးလွှာ ခင်းကျင်း၍ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုနှင့် ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်နှင့် လမ်းမတော်မြို့နယ် အနော်ရထာလမ်းနှင့် ကျုံးကြီးလမ်းတစ်လျှောက် ကတ္တရာကွန်ကရိ (AC) ထပ်ပိုးလွှာခင်းကျင်း၍ လမ်းအဆင့်မြှင့်တင်ရန် ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှု စစ်ဆေးသည်။ 

ယင်းနောက် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့ သွားရောက်၍ ၁၃၈၄ ခုနှစ် မဟာသင်္ကြန် ရေသဘင်ပွဲတော်အတွက် ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ ဖြစ်ကြသည့် နွေဦးကဗျာ ၊ နှစ်သစ်ချစ်ဦး၊ ပိတောက်လက်ဆောင်၊ ပိတောက်ရိပ်၊ သင်္ကြန်မိုး၊ နွေအလှ၊ တူးပို့တူးပို့၊ ပိတောက်မျက်နှာ၊ နှစ်သစ်မင်္ဂလာ၊ ပန်းမျိုးတစ်ရာ မဏ္ဍပ်များ တည်ဆောက်ပြီးစီးမှုနှင့် ရေကစားရန် ရေပိုက်လိုင်းများ သွယ်တန်းထားမှု၊ Springler များ၊ Springler Gun များနှင့် ရေမှုန်ရေမွှား လျှောက်လမ်းများ တပ်ဆင်ထားရှိမှု၊ ရောင်စုံထီးများ အလှတပ်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထိုမှနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၃)ရပ်ကွက်၊ ဝေဇယန္တာ လမ်းသို့ သွားရောက်၍ ဝေဇယန္တာလမ်း ရေမြောင်း ရေစီးရေလာကောင်းမွန်စေရန် အမှိုက်၊ ဒိုက်၊ ဗေဒါ၊ ပိန်းပင်နှင့် နုန်းများကို  စက်ယန္တရားဖြင့် ဆယ်ယူရှင်းလင်းနေမှု၊ မြောင်းဝန်းကျင်နှင့် သုဝဏ္ဏတံတားအနီး မြက်ပင်ချုံနွယ်များ ရှင်းလင်းနေမှုနှင့် သံသုမာလမ်းရေမြောင်းသို့ စီးဆင်းမည့် အကျယ် ၁၀ ပေရှိ ရေမြောင်းတူးဖော်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ (၆)ရပ်ကွက်၊ ဟံသာဝတီလမ်း၊ ဟံသာဝတီအိမ်ရာရေှ့ ကျိုက္ကဆံချောင်းသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ ချောင်းအတွင်း Amphibious Excavator ယန္တရားယာဉ်ဖြင့် အမှိုက်များ၊ နုံးများ ဆယ်ယူရှင်းလင်းနေမှုနှင့် ချောင်းတိုးချဲ့တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကင်းမြို့နယ်၊ (၃)ရပ်ကွက်၊ ရန်ရှင်းလမ်းသို့ သွားရောက်၍ လမ်းတစ်လျှောက် ရေမြောင်းအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး မြောင်းဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်