ရန်ကုန် မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ တာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)အဝင်လမ်းမှ ပါရမီလမ်းအတိုင်း ကြည့်ရှုစစ်ဆေးပြီး နျူးကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာရှေ့ လူသွားစင်္ကြန်တိုးချဲ့ရန်၊ ပါရမီလမ်းမြောက်ဘက်အခြမ်း လူသွားစင်္ကြန်ပြုပြင်ရန်နှင့် လမ်းတစ်လျှောက် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားပြီး အင်းစိန်လမ်း (ပါရမီလမ်း နှင့် သမိုင်းလမ်းဆုံအကြား) လူသွားစင်္ကြန်တိုးချဲ့ရန် မြေညှိပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ်လမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ ရေကန်အား ကန်ရေပြင်ကြည်လင် သန့်ရှင်းရေးအတွက် ဗေဒါနှင့် ရေမှော်များ ဆယ်ယူရှင်းလင်းနေမှု၊ ဘုရင့်နောင်တံတား အမှတ်(၁)နှင့်(၂) အောက်၌ ပန်းခြံနှင့် အားကစားကွင်းပြုလုပ်ရန် မြေညှိပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ပန်းခြံတည် ဆောက်ခြင်း လုပ်ငန်းများ အမြန်အကောင်အထည်ဖော်နိုင်ရေး၊ တံတားအောက်မှ လှိုင်မြစ်အတွင်းသို့ စီးဝင်သည့် ရေမြောင်းအတွင်း ပိတ်ဆို့နုန်းအမှိုက်များ ဆယ်ယူရှင်းလင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ယင်းနောက် FMI City ရှေ့ ယာဉ်အဝင်/အထွက် အဆင်ပြေစေရန် တံတားတည် ဆောက်ရေးလုပ်ငန်း ကြောင့် ရေလမ်းကြောင်းလွှဲထားသည့် ရန်ကုန်-ပုသိမ်လမ်း ရေစုကန် ရေမြောင်းအတွင်း အမှိုက်များ ပိတ်ဆို့မှုမရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန်မှာကြားကာ ရေစုကန်ရေမြောင်း တစ်လျှောက် အမှိုက်၊ ဗေဒါနှင့်နုန်းများ ဆယ်ယူရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းထောင့် အနော်ရထာစက်မှုဇုန်ရှေ့ ရေစုကန်ရေမြောင်းမြေထိန်းနံရံ တည်ဆောက်ပြီးစီးမှု ကို ကြည့်ရှုစစ်ဆေးပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရန်ကုန်-တွံတေးလမ်းသို့ သွားရောက်၍ ပန်းလှိုင်မြစ်သို့ စီးဝင်သည့် တွံတေးလမ်း ရေမြောင်းအတွင်း အမှိုက်၊ ဗေဒါနှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ ရန်ကုန်-တွံတေး လမ်းဆုံမှ ပန်းလှိုင်တံတားအထိ မြေယာရှုခင်းပြုလုပ်ရန် မြေညှိပြုပြင်နေမှုနှင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ရှိ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) လှိုင်သာယာ ကွန်ကရိဖျော်စက်ရုံ၌ စက်များလည်ပတ် နေမှုနှင့် စက်ရုံဝင်းအတွင်း ရေဂါလန် ၁ သန်းခွဲဆံ့ ရေစုကန်တူးဖော်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး သည်။
ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်များနှင့် ဌာနမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁၃/၂၀၂၃)သို့ တက်ရောက်၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
(သတင်းစဉ်)