၁၄ ဇန်နဝါရီ

 

အမျိုးသားရေး၊ တိုင်းရေးပြည်ရေး၊ နိုင်ငံ့အရေး၊ ပြည်သူတို့၏အရေး အရာများနှင့်ပတ်သက်၍ မြန်မာနိုင်ငံသားတို့၏ ရင်ထဲတွင် အတွေးကိုယ်စီ ရှိနေကြမည်ဖြစ်သည်။

 

အာဏာရှင်စနစ်အောက်သို့ ပြန်ရောက်ကြရဦးမှာလား၊ လက်ငင်း ရရှိနေသော ဒီမိုကရေစီ အခွင့်အရေးတို့ ဆုံးရှုံးသွားနိုင်သည်လား၊ သည့်ထက် တိုးတက်ခိုင်မာလာအောင် တည်ဆောက်နိုင်ကြမည်လား၊ ဆင်းရဲမှုနွံတွင်းက ရုန်းထွက်နိုင်ကြမည်လား၊ လက်ရှိလူမှုဘဝများ ပိုမို သာယာသက်သာကောင်းမွန်လာမည်လား၊ စစ်ပွဲများ ရပ်စဲနိုင်မည်လား၊ ပြည်တွင်းငြိမ်းချမ်းရေး တကယ်ရရှိလာမည်လား၊ အခြေခံဥပဒေနှင့် ပတ်သက်သည့် အပြောင်းအလဲများ ပေါ်လာမည်လား၊ နိုင်ငံတကာ အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ကာ ရင်ပေါင်တန်းလာနိုင်တော့ မည်လား အစရှိသည့် စိုးရိမ်ပူပန်စိတ်များ၊ မျှော်လင့်ချက်များ၊ ယုံကြည် အားတင်းထားမှုများနှင့် ဖြစ်၏။

 

ဤဆန္ဒများ၊ မျှော်လင့်ချက်များကို ပြည်သူတို့တင်မြှောက်ရွေးချယ်ထားသည့် ပြည်သူ့အစိုးရနှင့် ပြည်သူ့ကိုယ်စားလှယ်များက မည်မျှလောက် ဖြည့်ဆည်းနိုင်မည်လဲဟူသည်က ကပ်လျက်လိုက်ပါလာသည့် မေးခွန်းများ ဖြစ်ပါသည်။

 

နိုင်ငံ့အရေး၊ ပြည်သူတို့၏ အနာဂတ်အရေးဟူသည်က ဗေဒင်လက္ခဏာများဖြင့် ဟောကိန်းထုတ်ကာ ပြောဖို့ခက်မည် ဖြစ်ပါသည်။ သို့သော်လည်း ပြည်သူတို့တင်မြှောက်ရွေးချယ်ထားသည့် ပြည်သူ့အစိုးရ နှင့် ပြည်သူ့ကိုယ်စားလှယ်များက နိုင်ငံရေးစိတ်သဘောထားအမှန်၊ စေတနာအမှန်တို့ဖြင့် အားထုတ်ကြိုးပမ်းနေသည်ကတော့ အမှန်ဟူ၍ ပြောရဲမည်ဟု ယုံကြည်ပါသည်။

 

နိုင်ငံရေးသမားများတွင် အရေးအကြီးဆုံးက နိုင်ငံအပေါ်ထားသည့် စေတနာ၊ ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့် ကိုယ်ပိုင်စွမ်းဆောင်ရည်တို့ ဖြစ်ပါသည်။ ယနေ့ ပြည်သူ့ကိုယ်စားလှယ်တို့၏ စေတနာမှန်နှင့် ပြည်သူတို့၏ အားပေးထောက်ခံမှုမှာ သံသယဖြစ်ဖွယ်မရှိ။ ထို့ကြောင့် နိုင်ငံ၏ ဦးတည်သွားနေသော လမ်းကြောင်းမှာ အမှန်ဖြစ်သည်ဟု ဆိုနိုင်ပါမည်။


စေတနာမမှန်ကန်လျှင်၊ ကိုယ်ပိုင်စွမ်းဆောင်ရည်ကို မယုံကြည်တော့ ပြီဟုဆိုလျှင်၊ လမ်းကြောင်းမမှန်တော့ဘူးဟု ယူဆလျှင် ပြည်သူ့အားပေး ထောက်ခံမှုက လျော့ပါးသွားမည် ဖြစ်သည်ကိုး။

 

သို့သော်လည်း လမ်းကြောင်းမှန်ပေါ်မှာ မည်မျှမြန်မြန်နှင့် မည်ကဲ့သို့ တိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုသည်ကမူ ခေါင်းဆောင် တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်၊ ကိုယ်ရည်ကိုယ်သွေး၊ အချင်းချင်းကြား မည်သို့အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်မည်ဆိုသည့် စိတ်ဓာတ်နှင့် အနှောင့်အယှက် အဖျက်အဆီး တိုးတိုက်ပွန်းရှမှု မည်မျှများပြားသည် ဆိုတာနှင့်လည်း ဆိုင်ပါမည်။

 

အချုပ်ဆိုရလျှင် ယနေ့ချီတက်နေသည့် ခရီးလမ်းသည် မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ ဖြိုးရေး၊ ဒီမိုကရေစီ ခိုင်မာမြင့်မားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး စသည်ကဲ့သို့သော အရေးကြီးသည့် လမ်းကြောင်းမှန်တို့ပေါ်တွင် ရောက်နေပြီဟု ယုံကြည်ထားပြီဆိုလျှင် မည်မျှ မြန်မြန်နှင့်များများ အရွေ့ ရှိမည်၊ တိုးတက်မည် ဆိုသည်ကို ချိန်ဆတွက်ချက်ကာ ရှေ့ခရီးဆက်ရမည် ဟု မြင်ပါသည်။

 

ခေါင်းဆောင်နေရာတို့တွင် မည်သို့သော ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည်ရှိသူတို့ ဖြစ်စေမည်၊ မည်သို့ ပိုမိုမြင့်မားအားရှိအောင် ကြိုးပမ်းကြမည်၊ မည်ကဲ့သို့ အတူလက်တွဲပူးပေါင်းဆောင်ရွက်ကြမည်၊ အတွန်းအတိုက် အဖျက်အဆီးများကို မည်သို့ ကျော်လွှားဖြတ်သန်းကြမည် အစရှိသည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်ကာ ကြိုးပမ်းလုပ်ဆောင် နေကြသည်ဟု ယုံကြည်ပါသည်။

 

ထို့ပြင်တဝ ယင်းသို့ အရှိန်မြှင့်ကာ ကြိုးပမ်းလုပ်ဆောင်နေကြချိန်တွင် ပြည်သူ့အသံနှင့် ပြည်သူ့အမြင်များကိုလည်း နားစွင့်ကာ နေကြလိမ့်မည် ဟုလည်း မျှော်လင့်ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း