လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် စတုတ္ထအကြိမ် ရန်ပုံငွေပေး အပ်လှူဒါန်းပွဲ ကျင်းပ

ဧပြီလ  ၃ ရက်

            

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်၌  UMFCCI မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းစဉ်များအတွက် အလှူငွေကျပ် သိန်း (၁၀၀၀) မတည်လှူဒါန်းထားသော ရန်ပုံငွေသို့ အသင်း အဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ပါဝင်လှူဒါန်းလာရာ စတုတ္ထအကြိမ်မြောက် ရန်ပုံငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ က အဆိုပါအသင်းချုပ်၌ ကျင်းပခဲ့သည်။

          

အခမ်းအနားတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလှူရှင်များမှပေးအပ်သည့် အလှူငွေနှင့် အလှူပစ္စည်းများ လက်ခံရယူ၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။

 

ယင်းနောက်တွင် ဦးဇော်ဝင်းဆွေ (Victory Myanmar Group Co.,Ltd) မှလည်း အလှူရှင်များအားလုံးကိုယ်စား လှူဒါန်းရခြင်း အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း မှ ရန်ပုံငွေပေးအပ်လှူဒါန်းပွဲတွင် အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

           

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ လုပ်ငန်းစဉ်များတွင် အသုံးပြုရန်လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို မှာယူဝယ်ယူလျက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ အလျင်မြန်ဆုံး သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

ကျော်ဆန်းမြင့်