လမ်းမတော်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တတိယအကြိမ် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကျင်းပ

လမ်းမတော်  ၁   ဧပြီ  

ရန်ကုန်တိုင်းဒေသကြီး  လမ်းမတော်မြို့နယ်၌ UMFCCI မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နှင့် ကုသ ရေးလုပ်ငန်းစဉ်များအတွက် အလှူငွေကျပ် သိန်း (၁၀ဝ၀) မတည်လှူဒါန်းထားသော ရန်ပုံငွေသို့ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ပါဝင်လှူဒါန်းလာရာ တတိယအကြိမ်မြောက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့တွင် UMFCCI အသင်းချုပ်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလှူရှင်များမှ ပေးအပ်သည့် အလှူငွေနှင့် အလှူပစ္စည်းများ လက်ခံရယူ၍ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက်တွင်မှ Medi Power Co.,Ltd မှ ဒေါက်တာ စောလှထွန်းမှလည်း အလှူရှင် များအားလုံးကိုယ်စား လှူဒါန်းရခြင်း အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးသက်မှ ရန်ပုံငွေပေးအပ်လှူဒါန်းပွဲတွင် အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ 

ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ လုပ်ငန်းစဉ်တွေမှာ အသုံးပြုရန်လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများကို မှာယူဝယ်ယူလျက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထံ အလျင်မြန်ဆုံး သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။ 

ယနေ့လှူဒါန်းရရှိခဲ့သော အလှူငွေနှင့်ပစ္စည်းတန်ဖိုး ငွေကျပ် ( ၅၆၅ သိန်း ၅သောင်း ) ကျပ် ရရှိခဲ့ပြီး ယနေ့ အထိ အလှူငွေနှင့်အလှူပစ္စည်းတန်ဖိုးပေါင်း ငွေကျပ် သိန်း(၄၅၁၅)ရရှိခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်