ရန်ကုန်၊ ၂၉ ဒီဇင်ဘာ
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ ယမုံနာလမ်း၊ မော်တင်ယာယီဈေးရပ်ကွက်ရှိ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန အငှားမော်တော်ယာဉ်လိုင်စင်အသစ် ဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းစစ်ဆေးကြသည်။
ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးမင်းက ရုံးသို့လာရောက်ကြသည့် ပြည်သူများ ဘေးကင်း လုံခြုံစေရေးနှင့် ရုံးအတွင်းရှိ ဝန်ထမ်းများ ဘေးကင်းရေးအတွက် ပြင်ဆင်ထားရှိမှု၊ ရုံးဝင်းအတွင်း အခြားဌာနခွဲငယ်များအတွက် ပြင်ဆင်ထားသည့် အခြေအနေများ၊ အငှားမော်တော်ယာဉ် လုပ်ငန်းလိုင်စင် ဝန်ဆောင်မှု လုပ်ငန်းများအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ပြန်လည် ဖွင့်လှစ်နိုင်ရေး ခန့်မှန်းထားကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးပြီး ကိုဗစ် ကော်မတီအဖွဲ့ဝင် များက လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်(ပြန်/ဆက်)


