လမ်းမတော်၊ ၉ ဒီဇင်ဘာ
ရန်ကုန်အနောက်ပိုင်းခရိုင် လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း၊ ၇ လမ်းနှင့် ၈ လမ်းကြားတို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ်၊ ညီနောင်အသင်းတို့ ကြီးမှူး၍ ဒီဇင်ဘာ ၉ ရက် နံနက် ၇ နာရီမှစတင်၍ Mobile market ဈေးကားများဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ကာလအတွင်းဈေးသို့ သွားရောက် ဝယ်ယူစရာမလိုဘဲ မိမိတို့နေအိမ်အနီး၌ပင် အလွယ်တကူ ဝယ်ယူနိုင်စေရေး၊ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ စားသောက်ကုန်ပစ္စည်းများကို ပြည်သူများ အလွယ်တကူဝယ်ယူ ရရှိနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေးတို့အတွက် ရည်ရွယ်ကြောင်း သိရသည်။
ဈေးရောင်းချပေးရာနေရာသို့ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စနစ်တကျ ရောင်းချနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာနေရာသို့ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာအောင်ကိုကိုနှင့် ဝန်ထမ်းများက ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် Face Mask နှင့် Face Shield များ ဝေငှပေးခဲ့ကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)


