နေပြည်တော် စက်တင်ဘာ ၁
နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်း ပသည်။
အစည်းအဝေးသို့ ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ၊ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ် ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွဲ့အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၆) ခု၌ မြေပြင် ကွင်းဆင်းစစ်ဆေးမှု (၁၃) ကြိမ် ဆောင်ရွက်ခဲ့ပြီး လမ်းပိုင်းနေရာ (၅၀) ၌ Road Safety Audit ဆောင်ရွက် ခဲ့ပြီးဖြစ်ပါကြောင်း၊ ကွင်းဆင်းစစ်ဆေးသုံးသပ်မှုများကို အခါအားလျော်စွာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး ထပ်မံဖော်ထုတ် တွေ့ရှိချက်များကိုလည်း ဒေသကြီးကြပ်ရေးအဖွဲ့များသို့ ဖြန့်ဝေ အကြောင်းကြား သွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ၂၀၂၂ခုနှစ်ဒီဇင်ဘာ၅ ရက်မှ ၂၀၂၃ ဩဂုတ် ၁၅ ရက်အထိ ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်ရေး အဖွဲ့များ အလိုက် Road Safety Audit ဆောင်ရွက်မှု စုစုပေါင်း (၂၆၀၆) ကြိမ်ဆောင်ရွက်နိုင်ခဲ့ပြီး လမ်းညွှန်း (၁၈၀၀၈) ခု၊ အလျားလိုက်မျဉ်း အမှတ်အသား (၁၁၄၅ မိုင် ၄ ဖာလုံ)၊ ကန့်လန့်ဖြတ်မျဉ်း အမှတ်အသား (၆၈၃) ခု၊ အခြားလမ်း အမှတ်အသား(၇၅၃၉)ခုနှင့် အချက်ပြ (၆၃၅)ခု ပြင်ဆင်ဆောင်ရွက်နိုင်ခဲ့သည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ အသစ်ဆောင်ရွက်မှုများအနေဖြင့် လမ်းညွှန်းအခု (၁၄၅၉၀)၊ အလျားလိုက်မျဉ်း အမှတ်အသား (၈၇၁ မိုင် ၇ ဖာလုံ)၊ ကန့်လန့်ဖြတ်မျဉ်းအမှတ်အသား (၁၃၈၁)ခု၊ အခြားလမ်း အမှတ်အသား (၄၃၂၃) ခုနှင့် အချက်ပြ (၁၄၃) ခု ထပ်မံဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဒေသတစ်ခုချင်း အလိုက်အကောင် အထည်ဖော် ဆောင်ရွက်မှုများအပေါ်သုံးသပ်ပါက အလေးထား ကြိုးပမ်းဆောင်ရွက်ကြသော်လည်း တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် အားနည်းချက်၊ လိုအပ်ချက်အချို့ ရှိနေသေးသည်ကို စိစစ်တွေ့ရှိ ရပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ဗဟိုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဗဟိုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety)၌ လမ်းအန္တရာယ်ကင်းရှင်းရေးစိစစ်အကဲဖြတ်လုပ်ငန်း (Road Safety Audit)၏ အခန်းကဏ္ဍအပေါ် လေ့လာတင်ပြချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ရန်ကုန်နှင့် မန္တလေးမြို့တော်ဝန်များနှင့် ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေ များကို တင်ပြဆွေးနွေးခဲ့ကြပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆုံးဖြတ်ချမှတ် ခဲ့ကြသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်အသားများနှင့် အချက် ပြများ တစ်ပြေးညီ ပြည့်စုံညီညွတ်မှန်ကန်ရေးလုပ်ငန်းစဉ်များသည် ပြည်သူအများစု၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကို အဓိကအထောက်အကူပြုလျက်ရှိသည့်အပြင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့်ကောင်းမွန်သည့် လူမှုပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးဖော်ဆောင်ပေးခြင်းလည်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)