လမ်းပန်းဆက်သွယ်ရေး ပြည်သူ့လုံခြုံရေး

နေပြည်တော် ၄ ဧပြီ

နိုင်ငံတစ်ခု တိုးတက်ဖွံ့ဖြိုးရန် လမ်းပန်းဆက်သွယ်ရေးက အလွန်အရေးကြီးပါသည်။

 ဖွံ့ဖြိုးတိုးတက်နေသည့်နိုင်ငံများ၊ ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်အဟုန်မြှင့်ဆောင်ရွက်နေသည့် နိုင်ငံများကိုကြည့်လျှင် ဝေးလံသီခေါင်လှသော နယ်စွန်နယ်ဖျားတို့အထိ လမ်းပန်းဆက်သွယ်ရေး ချောမွေ့ကောင်းမွန်သည်ကို တွေ့ရပါမည်။

 

နယ်မြေဒေသအသီးသီးမှ နယ်မြေဒေသအသီးသီးသို့ ကုန်စည်စီးဆင်းမှု ချောမွေ့လွယ်ကူခြင်းက ကုန်ဈေးနှုန်းကျဆင်းရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သွားလာရေးခက်ခဲသည်နှင့်အမျှ၊ သွားလာစရိတ် ကြီးမြင့်သည်နှင့်အမျှ ကုန်ဈေးနှုန်း အလိုအလျောက် ကြီးမြင့်လာမည်ပဲဖြစ်သည်။

 

ဒါနှင့်ပတ်သက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က “ပြည်သူတွေအတွက် အများကြီး ဆောင်ရွက်ပေးချင်တာတွေ ရှိပါတယ်။ အစိုးရသက်တမ်း နှစ်နှစ်တာအတွင်းမှာ ရထားပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အများကြီးလုပ်ဆောင်ထားပါတယ်။ အားလုံးကို ပြည့်စုံသွားအောင် လုပ်ဆောင်ဖို့အတွက်တော့ အခက်အခဲတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတတ်နိုင်ဆုံး ဆောင်ရွက်ပေးထားတယ်” ဟု ပြောကြားသည်ကို သတင်းစာမှာ ဖတ်ရပါသည်။

 

တိုင်းပြည်က အဘက်ဘက်က နိမ့်ကျနေရာမှ ပြန်လည်ထူထောင်ရတာဖြစ်သည့်အတွက် အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်ရန် လိုပါမည်။ ကားလမ်း၊ ရထားလမ်းသာမက လေကြောင်းလမ်း၊ ရေကြောင်းလမ်းတို့ကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ပြင်ဆင်မွမ်းမံ တည်ဆောက်ရမည်မှာ အရေးကြီးသော လိုအပ်ချက်များဟု ယူဆပါသည်။ ကားလမ်းများ ချောမွေ့ကောင်းမွန်ရေး၊ သွားလာရေးစရိတ်များ လျော့ကျရေးတို့သာမက လုံခြုံစိတ်ချရေးသည်လည်း ဦးစားပေးလုပ်ဆောင်ရမည်ဟု ထင်မြင်ပါသည်။

 

ခေတ်အဆက်ဆက်လမ်းများ၊ တံတားများ ဖောက်ခဲ့ဆောက်ခဲ့သော်လည်း မြင်ရသမျှလမ်းတိုင်းလိုလို ကောင်းမွန်ချောမွေ့နေသည်ကို တွေ့ရခဲလှပါသည်။ စတင်ဆောက်လုပ်စဉ်ကတည်းက စနစ်တကျ အရည်အသွေးမီမီဖြစ်ရန်လိုပြီး ပုံမှန်စစ်ဆေးထိန်းသိမ်းရန်လည်း လိုမည်ဖြစ်ပါသည်။

 

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်က ဧရာဝတီတိုင်းဒေသကြီးက မြောင်းမြကြိုးတံတား ကျိုးပျက်ကျသည်ကို သိရသည့်အခါ ပြည်သူတို့၏ စိုးရိမ်ပူပန်မှုမှာ ငယ်ထိပ်ရောက်ခဲ့ရပါသည်။

 

အသစ်တည်ဆောက်မှု၊ ချဲ့ထွင်မှုတို့သာမကဘဲ တစ်နိုင်ငံလုံးရှိ တံတားများ၊ လမ်းများအရည်အသွေးကို အမြန်ဆုံးစစ်ဆေးရန် လိုအပ်လာပြီဟု ယူဆပါသည်။ 

 

စနစ်တကျ စစ်ဆေးပြီး၊ ပြုပြင်တန်ပြုပြင်၊ ထိန်းသိမ်းတန်ထိန်းသိမ်းရန် လိုအပ်ပါမည်။ ထို့အတူ အန္တရာယ်အဆင့်အလိုက် ချက်ချင်းအရေးတယူဆောင်ရွက်ရန်ရှိလာလျှင် ပြည်သူကိုအသိပေးကာ ဆောင်ရွက်ကြရမည်ဟုမြင်ပါသည်။

 

ပြည်သူတို့၏ရုပ်ပိုင်း စိတ်ပိုင်းလုံခြုံစိတ်ချရရေး၊ ချောမွေ့အဆင်ပြေရေး၊ အေးချမ်းသာယာရေးသည်ပြည်သူ့အစိုးရ၏တာဝန်ဟု ခံယူကြရမည် မဟုတ်ပါလား။ ။

(မြန်မာ့အလင်း)