ရန်ကုန် မေ ၄
လွန်ဆွဲခြင်းဆိုသည်မှာ မြန်မာနိုင်ငံ၏ ဒြပ်မဲ့ ယဉ်ကျေးမှုဖြစ်သောကြောင့် ထိန်းသိမ်းသင့်ပြီး လက်လွတ်စပယ် ဝေဖန်ရန်‌ပြောဆိုရန်မသင့်ကြောင်း မင်းတုန်းမင်းတရားကြီး၏ တွတ်တော်စပ်သူ မြန်မာမှုပညာရှင် ကိုထိပ်တင်စည်သူဟိန်းက ပြောဆိုသည်။
လက်ရှိတွင် ရာသီဥတုပူပြင်းသည့်အတွက် လွန်ဆွဲပွဲများကို မြို့ကြီးအချို့၌ ပြုလုပ်နေရာတွင် လူမှုကွန်ရက်သုံးစွဲသူအချို့က မပြုလုပ်သင့်ကြောင်းနှင့် ခေတ်နောက်ပြန်ဆွဲသည်ဟု ဝေဖန်မှုများ ရှိနေသည့်အပေါ် ၄င်းက အထက်ပါအတိုင်း သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။
"မြန်မာတွေရဲ့ရိုးရာယဉ်ကျေးမှုမှာမကောင်းတာဆို ပယ်ရမှာပါ။ ဒါပေမယ့် ဒီလွန်ဆွဲတယ်ဆိုတာက ဘယ်သူ့ကိုမှလည်းမထိခိုက်ဘူး။ နောက်ပြီး ငရံ့မင်းပရိတ်ရွတ်တယ်။ ဒါကတော့ဗုဒ္ဓဘာသာကိုအခြေခံတဲ့ ယဉ်ကျေးမှုဓလေ့နဲ့ရွတ်တယ်။ နောက်ပြီးတော့လည်းဒါက ဒီအောက်ပြည်အောက်ရွာမှာလုပ်တဲ့ဓလေ့တော့မရှိဘူး။ အထက်အညာမှာ မိုးခေါင်ရေရှားတဲ့ဒေသတွေမှာ လုပ်လေ့ရှိကြတယ်။ လုပ်တဲ့အပြင် သူတို့ယုံကြည်ချက်အတိုင်း နောက်ရက်တွေမှာ မိုးရွာတယ်ပေါ့နော်။ ယုံကြည်ပြီးတော့လုပ်ခဲ့တယ်။ ဒါကနှစ်ကာလအတိအကျလို့ မပြောနိုင်ပေမယ့် အင်းဝခေတ်၊ ညောင်ရမ်းခေတ်ကတည်းက လုပ်လာခဲ့တယ်ပေါ့။ နှစ်ထောင်ချီခဲ့ပြီပေါ့။ ဒီဓလေ့ဟာ ‌နှစ်ထောင်ချီခဲ့ပြီဆိုတော့ ကျွန်တော်တို့ လက်ထက်မှာမပျောက်သင့်ဘူး" ဟု ကိုထိပ်တင်စည်သူဟိန်း ကပြောသည်။
အချို့က လွန်ဆွဲခြင်းသည် အပျော်သက်သက်သာ ပြုလုပ်သည်ဟု ဆိုကြသော်လည်း ယုံကြည်ချက်များအရမိုးခေါင်ကျော်စွာနတ်နှင့် ဆက်သွယ်၍ ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုကြပြီး အဆိုပါအချက်ကိုလည်းနက်နက်ရှိုင်းရှိုင်းယုံကြည်ထားကြသည်။
"ငရံ့မင်းပရိတ်ရွတ်တယ်ဆိုတာ ဒါရှေးအစဉ်အလာပေါ့။ ဘုရားအလောင်းငရံ့မင်း အရုပ်ကိုရေသွန်းပြီးတော့အဲဒီလိုပရိတ်ရွတ်တာပေါ့။ ထူးခြားချက်ကနောက်တစ်ရက်ဆိုမိုးကရွာတယ်။ ဒါရှေးအစဉ်အဆက်ကတည်းကဓလေ့ပေါ့။ ဒါကလည်း ဒြပ်မဲ့ယဉ်ကျေးမှုပေါ့။ ဒြပ်မဲ့ယဉ်ကျေးမှုက အကောင်အထည်ဖော်ပြလို့မရဘူး ဒါစိတ်ခံစားမှုပေါ့။လူတွေရဲ့စိတ်ထဲမှာ ဒါကိုယုံကြည်တယ်။ ဒါကိုအစဉ်အဆက်လုပ်တယ်ပေါ့နော်။ ကျွန်တော်တို့တွေက သူများလုပ်ပြမှရိုးရာယဉ်ကျေးမှုတွေကိုခိုးမှ ငါတို့ယဉ်ကျေးမှုအခိုးခံရတယ်ပြောပြီးတော့ ဒီလိုမျိုးရိုးရားယဉ်ကျေးမှုကို အမှန်အကန်လုပ်နေတာကို မလုပ်သင့်ပါဘူးလို့ အပိုလုပ်တာတို့‌ပြောတာကတော့ ဘယ်လိုပြောမလဲပြောင်းပြန်ကျတယ်ပေါ့" ဟု ၎င်း၏အမြင်ကိုရှင်းပြသည်။

အဆိုပါမိုးခေါ်လွန်ဆွဲကျင်းပခြင်းဖြင့် စည်းလုံးညီညွတ်မှုအင်အားကိုပြသခြင်းနှင့် အားကစားတစ်ရပ်အဖြစ်လည်းအသုံးပြုနိုင်ကြောင်းလည်းသိရသည်။
"မိုးရွာသည်ဖြစ်စေ မရွာသည်ဖြစ်စေ ဒါချစ်စရာပေါ့။နောက်ပြီးတော့စည်းလုံးညီညွတ်မှုအင်အားပြတယ်။ဒါကကိုယ့်ရပ်ရွာထဲက လူတွေအချင်းချင်းလုပ်ကြတဲ့ပွဲလေးပေါ့။ ပြောရမယ်ဆိုဒါအားကစားတစ်ရပ်လို့တောင်ပြောလို့ရတယ်။ ဒီကြားထဲမှာ နောက်မိုးခေါင်ကျော်စွာနတ်ကိုပသတယ်ပေါ့နော်။ လွန်ဆွဲတယ်၊ ငရံ့မင်းပရိတ်ရွတ်တယ်၊ နောက်ဘုရားလောင်းငရံ့ပုံစံကိုရေသွန်းတယ်၊ ဒါတွေကမပျောက်ကွယ်သင့်ဘူး။ မြန်မာတွေအနေနဲ့ ဒါကိုအစဉ်အဆက်လုပ်ရမယ် " ဟု မြန်မာမာမှုပညာရှင်ထိပ်တင်စည်သူဟိန်းက ပြောသည်။
Thit Taw