လန်ဒန် ၂၁ ဒီဇင်ဘာ
ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇအသစ် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည့်အတွက် အင်္ဂလန်တောင်ပိုင်းနှင့် လန်ဒန်တို့တွင် ကန့်သတ်ချက်များ တင်းကျပ်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာခဲ့သည်။
ဒီဇင်ဘာ ၁၉ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။ ယင်းမျိုးဗီဇအသစ်မှာ အင်္ဂလန်တောင်ပိုင်းတွင် ကူးစက်မှုမြင့်နေမှုနှင့် ဆက်စပ်မှုရှိနိုင်သည်ဟု ကျန်းမာရေးဝန်ကြီး မက်ဟန်ကော့က ဒီဇင်ဘာ ၁၄ ရက်က ပြောကြားခဲ့သည်။
အသစ်ထုတ်ပြန်ထားသည့် စည်းကမ်းချက်အရ ဒေသခံများသည် ကျိုးကြောင်းဆီလျော်သည့် အကြောင်းပြချက် မရှိဘဲ နေအိမ်မှ ထွက်ခွာခွင့်ရမည်မဟုတ်ပေ။ အရေးမကြီးသည့် ဈေးဆိုင်များအားလုံးကို ပိတ်ထားရမည် ဖြစ်သည်။
လွန်ခဲ့သည့်လက အင်္ဂလန်တွင် ချမှတ်ခဲ့သည့် အသွားအလာပိတ်ဆို့ ကန့်သတ်မှု စည်းကမ်းများနှင့် အတူတူပင်ဖြစ်သည်။ မူရင်းဗိုင်းရပ်စ်ထက် ယခုတွေ့ရှိသည့် မျိုးဗီဇအသစ်မှာ ၇၀ ရာခိုင်နှုန်းခန့် ကူးစက်မှု ပိုမို လျင်မြန်နိုင်ဖွယ်ရှိကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောသည်။
အတိအကျ မသိရသေးသော်လည်း နောက်ထပ်တွေ့ရှိရသည့် မျိုးဗီဇအသစ်မှာ ကိုဗစ်-၁၉ကာကွယ် ဆေး၏ အကျိုးသက်ရောက်မှုကို လျော့နည်းစေခြင်း သို့မဟုတ် ပြင်းထန်စွာဖျားနာစေခြင်း အစရှိသည်တို့အတွက် သက်သေပြချက် မရှိသေးဟု ဝန်ကြီးချုပ်က ပြောသည်။
လာမည့် ဒီဇင်ဘာ ၂၃ ရက်မှစတင်ကာ အင်္ဂလန်တွင် ငါးရက် စည်းကမ်းတင်းကျပ်မှုများကို ဖြေလျှော့ပေးရန် အစိုးရက စီစဉ်ထားသည်။
သို့သော်လည်း အရှေ့တောင် ပိုင်းတွင်မူ ယင်းအစီအစဉ်မှာ အထမြောက်မည် မဟုတ်ပေ။ ဝေဖန်သူများကမူ ဆုံးဖြတ်ချက်မှာ နောက်ကျလွန်းသည်ဟု ပြောဆိုကြသည်။ ဝေလပြည်နယ်တွင်လည်း ဒီဇင်ဘာ ၂၀ ရက်မှ စတင်ကာ အလားတူ ကန့်သတ်ချက်များ ပြုလုပ်မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ