၁၃ ဇန်နဝါရီ
လန်ဒန်မြို့ သမိုင်းဝင်ဈေး ဖြစ်တဲ့ ဘားရိုးမားကတ်မှာ ဈေးရောင်းသူနဲ့ ဈေးဝယ်သူ အားလုံးဟာ မျက်နှာဖုံး ဝတ်ဆင်ထားတာကို ယမန်နေ့ (အင်္ဂါနေ့) မှာ တွေ့ရပါတယ်။ ဘားရိုးမားကတ်ဟာ လဟာပြင်ဈေး ဖြစ်ပေမယ့် ဗြိတိန်နိုင်ငံမှာ ပထမဆုံး လူမြင်ကွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရေး စည်းမျဉ်း ပြဋ္ဌာန်းလိုက်တဲ့ နေရာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၄ နာရီအတွင်း ၄၅,၅၃၃ ဦးရှိပြီး သေဆုံးသူ ၁,၂၄၃ ဦးရှိကြောင်း အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိနေပေမယ့် နိုင်ငံတစ်ဝန်းမှာ မျက်နှာဖုံး ဝတ်ဆင်ရေးဟာ အခြေအနေ အပေါ်မှာ မူတည်နေပါတယ်။ ပြင်သစ်၊ အီတလီ၊ ပိုလန်နဲ့ တောင်အာဖရိက နိုင်ငံတို့မှာ မျက်နှာဖုံးဟာ ဝတ်ကို ဝတ်ဆင်ရမယ့် ပစ္စည်းတစ်ခုဖြစ်နေပါတယ်။
ဈေးဝယ်စင်တာ ဝင်ပေါက်ရှိ လုံခြုံရေးဝန်ထမ်းဟာ မျက်နှာဖုံး ဝတ်ဆင်ထားခြင်း မရှိသူတွေကို တားမြစ်နိုင်ကြောင်း ညွှန်ကြားထားသလို ရဲတပ်ဖွဲ့ဝင်တွေကလည်း ဒဏ်ကြေး ပေးဆောင်ရမယ်လို့ တင်းကျပ်စွာ တားမြစ်နေပါတယ်။ ဈေးဝယ်သူရော ဈေးရောင်းသူတွေဟာ မျက်နှာဖုံး ဝတ်ဆင်ခြင်း မရှိရင် ဒဏ်ကြေးအဖြစ် စတာလင်ပေါင် ၅၀ ပေးဆောင်ရမှာဖြစ်ပါတယ်။
လူမြင်ကွင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရေးနဲ့ ပတ်သတ်ပြီး ပညာရှင်တွေကြားမှာ သဘောထား ကွဲလွဲနေတာကို တွေ့ရပါတယ်။
East Anglia တက္ကသိုလ်ရဲ့ ဆေးဝါးဌာနရဲ့ ပါမောက္ခ ပေါလ် ဟန့်တာက အဆောက်အအုံ ပြင်ပ လူမြင်ကွင်းဟာ အဆောက်အအုံ အတွင်းထက် ပိုးကူးစက်နှုန်း နည်းပါးတယ်။ မျက်နှာဖုံး ဝတ်ဆင်ထားခြင်းဟာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာမနေနိုင်တဲ့ အခြေအနေအပေါ် အစားမထိုးနိုင်ကြောင်းနဲ့ မျက်နှာဖုံးဟာ စိုစွတ်သွားရင် အစွမ်းမရှိတော့ကြောင်း ပြောကြားပါတယ်။
Leicester တက္ကသိုလ်က ပညာရှင် ဂျူလီယန်တန်းက မျက်နှာဖုံး ဝတ်ဆင်ခြင်းမှာ အဓိကကျကြောင်း အထူးသဖြင့် ဆောင်းရာသီမှာ အရေးပါကြောင်း၊ အဆောက်အအုံပြင်ပ လူမြင်ကွင်းမှာ တန်းစီရတဲ့ နေရာတွေမှာ မျက်နှာဖုံးဝတ်ဆင်ထားရင် ရောဂါကူးစက်မှုကို လျေှာ့ချနိုင်ကြောင်း ပြောပါတယ်။
MDN
ကိုးကား - AFP