နေပြည်တော် ၇ ဇွန်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော LNG to Power စီမံကိန်းများအတွက် မြန်မာနိုင်ငံသို့ LNG သင်္ဘောရောက်ရှိလာမှု၊ အဆိုပါ စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်သူလူထုကို လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာမှ ယခုနှစ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများအနက် မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံ၊ ကျွန်းချောင်း ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် အလုံ ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့လွှတ်နိုင်ခဲ့ပြီး မကြာမီ ယခု LNG to Power သာကေတ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းမှလည်း လျှပ်စစ်ဓာတ်အားများ ထွက်ရှိတော့မည်ဖြစ်ကြောင်း၊ ဆက်လက်၍ သန်လျင် LNG to Power စီမံကိန်းကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီ ဓာတ်အား ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်နေသော ကာလဖြစ်သည့်အလျောက် ကန့်သတ်ချက်များအတိုင်း လိုက်နာပြီး လျှပ်စစ်ဓာတ်အား အမြန်ဆုံးရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကုမ္ပဏီဝန်ထမ်းများ၊ ကျွမ်းကျင်ပညာရှင်များအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး ကျန်ရှိနေသည့် စီမံကိန်းများကိုလည်း ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းနိုင်ဦးက LNG သယ်ဆောင်လာသော သင်္ဘောဆိုက်ကပ်မည့် ယာယီဆိပ်ခံ (Temporary Jetty) အဖြစ် အသုံးပြုမည့် Mobile Filling Platform (MFP) တည်ဆောက်ခြင်းနှင့် LNG သိုလှောင်သင်္ဘော ဆိုက်ကပ်နိုင်ရေးတို့အတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဓာတ်အားပေး စက်ရုံစီမံကိန်းများမှ ဓာတ်အားထုတ်လုပ်မည့် အခြေအနေ၊ အဆိုပါ MFP နှင့် LNG သိုလှောင် သင်္ဘောအား ဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်ရေးအတွက် လိုအပ်သော ခွင့်ပြုမိန့်များ၊ ကူညီပံ့ပိုးမှုများကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့မှုတို့အား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက LNG to Power စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ချိန်တွင် ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် အခြားထုတ်လုပ်မှုများနှင့် ပေါင်းစပ်၍ နိုင်ငံတော်ဓာတ်အားစနစ်အား ထိန်းညှိဆောင်ရွက်မည့် အစီအစဉ်ကို ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုရောက်ရှိလာသည့် LNG သိုလှောင်သင်္ဘောမှ LNG ကို အသုံးပြု၍ ဓာတ်အားထုတ်လုပ်ခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စီမံကိန်းဖြစ်သည့်အတွက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်းရေးကို အထူးဂရုပြု၍ အမြန်ဆုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခုအချိန်သည် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကန့်သတ်နေသည့်ကာလ ဖြစ်သည့်အတွက် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်းနှင့် နည်းပညာသစ်များကိုလည်း ဌာနမှ အင်ဂျင်နီယာများအနေဖြင့် လေ့လာ ဆည်းပူးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခုနှစ် နွေရာသီတွင် တိုးတက်သုံးစွဲလာသော ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် Liquefied Natural Gas to Power စီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အား စုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် စီမံကိန်းသစ် ၇ ခုကို ရန်ကုန်တိုင်းဒေသကြီး အလုံ၊ သန်လျင်၊ သာကေတတို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးနှင့် ကျွန်းချောင်းတို့တွင်လည်းကောင်း၊
ပဲခူးတိုင်းဒေသကြီး ရွှေတောင်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း (၇) ခု အနက် မကွေး ၆၆ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ၊ အလုံ ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် ကျွန်းချောင်း ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံတို့မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ဓာတ်အားပေး စက်ရုံစီမံကိန်းများမှလည်း လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ LNG to Power စီမံကိန်းများ အတွက် LNG သယ်ဆောင်လာသော သင်္ဘောဆိုက်ကပ်မည့် ယာယီဆိပ်ခံ (Temporary Jetty) အဖြစ် အသုံးပြုမည့် Mobile Filling Platform (MFP) ကိုစင်္ကာပူနိုင်ငံတွင် တည်ဆောက်၍ မေ ၂ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး သီလဝါ LNG ဆိပ်ကမ်း၌ ကိုဗစ်-၁၉ ကန့်သတ်မှုများအရ လိုက်နာဆောင်ရွက် ရသဖြင့် ဇွန် ၂ ရက်တွင် တပ်ဆင်ပြီးစီးခဲ့သည်။
MFP တွင် ဆိုက်ကပ်မည့် LNG သိုလှောင်ရေးသင်္ဘော (MV-CNTIC VPOWER GLOBAL) သည် အလျား ၁၇၆ ဒသမ ၈ မီတာ၊ ရေဆူး ၈ မီတာနှင့် စုစုပေါင်းတန်ချိန် ၃၆၀၀၀ ခန့်ရှိပြီး ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ဓာတ်အားထုတ်လုပ်နိုင်သော LNG ပမာဏကို သိုလှောင်နိုင်ပြီး Small LNG Tanker များဖြင့် လိုအပ်သော LNG ကိုဖြည့်တင်းမည်ဖြစ်သည်။
အဆိုပါသင်္ဘောသည် မလေးရှားနိုင်ငံမှ ဧပြီ ၂၈ ရက်တွင် ထွက်ခွာခဲ့ပြီး မေ ၆ ရက်တွင် ရန်ကုန်မြစ်ဝသို့ရောက်ရှိကာ ကျောက်ချရပ်နား၍ MFP လုပ်ငန်းများ ပြီးစီးသည့်နောက် ဇွန် ၆ ရက်တွင် ဆိုက်ကပ်နိုင်ခဲ့သည်။ MFP တည်ဆောက်ခြင်းနှင့် LNG သိုလှောင်ရေးသင်္ဘော ဆိုက်ကပ်နိုင်ရေးသည် မြန်မာနိုင်ငံအတွက် ပထမဆုံး အတွေ့အကြုံဖြစ်သည့်အတွက် စီမံကိန်း ဆောင်ရွက်နေသည့် ပြည်တွင်း/ပြည်ပ ပညာရှင်များ၊ Consortium of CNTIC and Vpower ကုမ္ပဏီတို့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတို့အကြား အသေးစိတ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ရသည်။
Liquefied Natural Gas (LNG) ဖြင့် ပထမဆုံးအကြိမ် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ စီမံကိန်းများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ မကြာမီကာလတွင် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေး နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


