လင်းခေး၊ ၉ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူး၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ COVID-19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းတို့က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား၊ သင်တန်းသူများထံသို့ အသီးသီးပေးအပ်ကြပြီး သင်တန်းသား၊ သင်တန်းသူများ၏ ကိုယ်စားသင်တန်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါသင်တန်းကာလမှာ ဇွန် ၃ ရက်မှ ၉ ရက်ထိဖြစ်ပြီး သင်တန်းသို့ လင်းခေးမြို့နယ်အတွင်းရှိ ကျေးလက်ဒေသအသီးသီးမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၃၂ ဦး တက်ရောက်ကြကြောင်း၊ သင်တန်းဆင်းပွဲသို့ ခရိုင်နှင့် မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများလည်း တက်ရောက်ကြောင်း သိရသည်။
မင်းမြင့်မိုရ်(ကျေးလက်)


