လွိုင်ကော်၊ ၇ ဒီဇင်ဘာ
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ၊ လင်ဖုံလေးကျေးရွာရှိ တောင်သူများသည် စိုက်ပျိုးရေလုပ်ငန်းများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ မေမြို့ပန်း ၊ အက်စတာပန်းများသည်လည်း အောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး ဈေးကွက်အတွင်း အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
“ပန်းမျိုးတွေကို မတ်လပိုင်းမှာ အစေ့ထုတ် သန့်စင်တယ် ၊ နှစ်ပတ်လောက် အအေးခံထားတယ် ၊ ပြီးတဲ့နောက် ဘူးထဲကို သေသေချာထည့်ပြီး ကိုယ်ကြိုက်သည့် ရာသီမှာ ကိုယ်ပြန်စိုက်ပျိုးလို့ရတယ်၊ ပန်းအတွက် သုံးတဲ့ဆေးတွေကတော့ အာမို (၁)နဲ့ (၂) ဖြစ်ပြီး ပိုးကျရင်ကျသလို သုံးပေးရတယ် ၊ ပန်းတွေ မြန်မြန်ပွင့် စေချင်ရင်တော့ အာမို (၂) ကို ဖျန်းပေးရတယ် ၊ ဒီနှစ်တော့ ပန်းစိုက်သူတွေ များလာတာကြောင့် ဈေးကွက် အခြေအနေက ကန့်သတ်ပြော လို့မရဘူး ၊ အရင်နှစ်တွေက တစ်ယောက် နှစ်ယောက်ပဲ စိုက်တော့ ဈေးကောင်း ရပြီး ဧကဝက်ကို (၅) သိန်းရောင်းရတယ် ၊ လွိုင်ကော်မြို့ထဲ က ဖောက်သည်တွေကို ခြံထဲမှာဘဲ အခင်းအပြတ်ရောင်းလိုက်တယ်” ဟု လင်ဖုံလေးကျေးရွာနေ ပန်းစိုက်ပျိုးသူ ဒေါ်နန်းချစ်ထွေးက ပြောကြားသည်။
ဆက်လက်၍ ဒေါ်နန်းချစ်ထွေး က “မေမြို့ပန်း၊ အက်စတာပန်းအပြင် တစ်ခြားပန်းကိုလည်း စိုက်ပျိုးတယ် ၊ ရေအခြေအနေပေါ်မူတည်ပြီးတော့ မိုးတွင်းပိုင်း ဆိုရင် ပြင်ဦးလွင်က ဂန္ဓမာပန်း အမျိုးတွေကို လှမ်းမှာပြီးတော့ စိုက်တယ် ၊ သစ္စာပန်းလည်းစိုက်တယ် ၊ ပန်းမျိုးကဈေးကြီးတော့ တစ်ဆင့် ပြန်မျိုးပွားပြီး စိုက်ပျိုးရတယ် ပန်းစိုက်ပျိုးမှုကတော့ မြင်တဲ့သူကိုလည်း စိတ်ထဲမှာ ကြည်နူးစေတယ် ၊ ကိုယ်တိုင်လည်း ပန်းမြတ်နိုးသူဖြစ်တာကြောင့် ပန်းကို အသက်မွေးဝမ်းကြောင်း အဖြစ်စိုက်ပျိုးတယ်” ဟု ပြောကြားခဲ့သည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)


