မန္တလေး ၂၉ ဇန်နဝါရီ 

 

မန္တလေးမြို့တွင် ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပလျက်ရှိသည့် လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အနုပညာရှင်လူငယ်များ တွေ့ဆုံပွဲသို့ ရောက်ရှိနေကြသည့် ဒေသတွင်း အဖွဲ့ဝင် ၆ နိုင်ငံမှ အနုပညာရှင်လူငယ်များသည် ယနေ့တွင် ရိုးရာပန်းချီရေးဆွဲခြင်း၊ လက်မှုပညာအရုပ်များ ဖန်တီးပြုလုပ်ခြင်းနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုုလ်(မန္တလေး)သို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

 

mdn

 

အဆိုပါ အနုပညာရှင်လူငယ်များအဖွဲ့သည် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့သို့ သွားရောက်ကာ အမျိုးသား ကန်တော်ကြီးဥယျာဉ်အတွင်း ရိုးရာပန်းချီရေးဆွဲခြင်း၊ လက်မှုပညာအရုပ်များ ဖန်တီးပြုလုပ်ခြင်းနှင့် စုပေါင်းသီချင်း ရေးသားစပ်ဆိုကာ အကလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ပိတ်ချင်းမြောင်ရေတံခွန်ကိုလည်း သွားရောက်လေ့လာကြကြောင်း သိရသည်။

 

ညနေပိုင်းတွင် လူငယ်အနုပညာရှင်များအဖွဲ့သည် မန္တလေးမြို့ရှိ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုုလ်(မန္တလေး)သို့ သွားရောက်လေ့လာရာ တက္ကသိုလ်နှင့် ပတ်သက်၍ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာက ရှင်းလင်း ပြောကြားသည်။

 

mdn

 

ထို့နောက်  လူငယ်အနုပညာရှင်များအဖွဲ့သည် အနုပညာ တက္ကသိုုလ်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကာ အမှတ်တရ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။ 

 

ယနေ့ပြုလုပ်သည့် အစီအစဉ်တွင် ပန်းချီရေးဆွဲခြင်းနှင့် ရိုးရာလက်မှုပညာရပ်ဖြင့် အရုပ်များ ဖန်တီးပြုလုပ်မှု ကဏ္ဍတွင် ပါဝင်သည့် တရုတ်နိုင်ငံမှ လူငယ်အနုပညာ ရှင်တစ်ဦးက “ဒီတွေ့ဆုံပွဲကို တရုတ်နိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ဒီနေ့ အစီအစဉ်မှာ ကျွန်မတို့အဖွဲ့က ပန်းချီရေးဆွဲခြင်းနဲ့ ရိုးရာ အရုပ်တွေ ဖန်တီးပြုလုပ်ခဲ့ပါတယ်။ ပြင်ဦးလွင်ကို လာတဲ့လမ်းတစ်လျှောက်မှာ မြင်ကွင်းတွေက သာယာလှပတဲ့အတွက် ပျော်ရွှင်မိပါတယ်” ဟု ပြောကြားသည်။ 

 

mdn

 

ညပိုင်းတွင် လန်ချန်း - မဲခေါင် ဒေသတွင်းရှိ အနုပညာရှင် လူငယ်များသည် မန္တလေးမြို့ရှိ ကန်တော်ကြီး ဥယျာဉ်တွင် မီးပုံးပျံလွှတ်တင်ခြင်းနှင့် ရိုးရာကစားနည်း အစီအစဉ်များကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

 

မင်းထက်အောင်(မန်းကိုယ်ပွား)