မန္တလေး ၃၀ ဇန်နဝါရီ
မန္တလေးမြို့တွင် ဇန်နဝါရီ ၂၇ ရက်မှ ၃၁ ရက်အထိ ကျင်းပလျက်ရှိသော လန်ချန်း - မဲခေါင်ဒေသတွင်းရှိ အနုပညာရှင် လူငယ်များတွေ့ဆုံပွဲတွင် နိုင်ငံအလိုက် လက်မှုအနုပညာ အမှတ်တရပစ္စည်းများ ခင်းကျင်းပြသခြင်းနှင့် အနုပညာဖျော်ဖြေ တင်ဆက်မှုများကို ယနေ့တွင် မန္တလေးမြို့ရှိ ဟိုတယ်ရွှေပြည်သာ၌ ကျင်းပသည်။
အဆိုပါဒေသတွင်း ခြောက်နိုင်ငံဖြစ်သော မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ အနုပညာရှင် လူငယ်များအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံအလိုက် လက်မှုအနုပညာ အမှတ်တရပစ္စည်းများအား ခင်းကျင်းပြသခဲ့ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဖွင့်လှစ်ရောင်းချသည့် မြန်မာ့လက်မှုပညာရပ်ဖြင့် ပြုလုပ်ထားသော အမှတ်တရပစ္စည်းများအား လေ့လာကြည့်ရှု၍ ဝယ်ယူအားပေးကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံအလိုက် ရိုးရာတေးသီချင်းများဖြင့် သီဆိုတီးခတ်ကပြ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး လန်ချန်း - မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ အမှတ်တရ စပ်ဆိုရေးဖွဲ့ထားသည့် သီချင်းဖြင့် စုပေါင်းသီဆိုခဲ့ကြသည်။
ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ပါမောက္ခချုပ် ဒေါ်ခင်ကြည်ပြာက နိုင်ငံ ၆ နိုင်ငံမှ အနုပညာရှင်လူငယ်များအား အမှတ်တရ ပန်းစီးများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယနေ့ကျင်းပသည့် လက်မှုအနုပညာအမှတ်တရပစ္စည်းများ ခင်းကျင်းပြသမှုတွင် ခရီးသွားကဏ္ဍ မြင့်တင်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ အမှတ်တရပစ္စည်း အရောင်းဆိုင်များအသင်းတို့ ပူးပေါင်း၍ ပန်း ၁၀ မျိုးဆိုင်ရာ လက်မှုအနုပညာ ပစ္စည်းအရောင်းဆိုင်ကိုလည်း ဖွင့်လှစ်၍ ပါဝင်ပြသပေးခဲ့သည်။

အဆိုပါ လက်မှုအနုပညာ အမှတ်တရပစ္စည်း ခင်းကျင်းပြသခြင်းနှင့် အနုပညာ ဖျော်ဖြေပွဲများနှင့် ပတ်သက်၍ လာအိုနိုင်ငံ လူငယ်အနုပညာရှင် အဖွဲ့ခေါင်းဆောင် Mr. Saveng Seng Aphay က "ဒီနေ့ပြုလုပ်တဲ့ အစီအစဉ်မှာ ကျွန်တော်တို့ နိုင်ငံကို ကိုယ်စားပြုတဲ့ပန်းရယ် ရိုးရာအဝတ်အထည် အသုံးအဆောင်ပစ္စည်းနဲ့ တူရိယာပစ္စည်းတွေကို ခင်းကျင်းပြသထားပါတယ်။ ဖျော်ဖြေမှုအနေနဲ့ကတော့ ရိုးရာဂီတနဲ့ လာအိုနိုင်ငံရဲ့ အရေးပါတဲ့ အကတွေနဲ့ တင်ဆက်ခဲ့ပါတယ်။ ဒီဒေသတွင်း ခြောက်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် ယဉ်ကျေးမှုအနေနဲ့လည်း အလွန်နီးစပ်ပါတယ်။ ဒီပြပွဲကနေ နိုင်ငံအလိုက် ရိုးရာလက်မှုထုတ်ကုန်တွေကို ပိုမိုသိရှိခဲ့ရပါတယ်။ အလွန်လှပသာယာတဲ့ မန္တလေးမြို့ကြီးကို လာရောက်ခွင့်ရတဲ့အတွက်လည်း ကျေနပ်ဂုဏ်ယူမိပါတယ်" ဟု ပြောသည်။
ပညာရှင်လူငယ်များအဖွဲ့သည် ညနေပိုင်းတွင် ရေယာဉ်ဖြင့် မင်းကွန်းပုထိုးတော်ကြီးသို့ သွားရောက်လေ့လာကြည့်ရှုခဲ့ကြပြီး စစ်ကိုင်းတောင်ဝန်းကျင်ရှိ သဘာဝရှုခင်း အလှအပများအား ရေယာဉ်ပေါ်မှ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)
ဓာတ်ပုံ - အောင်ဖြိုးကျော်