လန်ချန်း သို့မဟုတ် မဲခေါင်သည် အာရှတိုက်၏ အထင်ကရ မြစ်တစ်စင်းဖြစ်ပြီး နိုင်ငံခြောက်နိုင်ငံကို ဖြတ်သန်းစီးဆင်းသည့် နိုင်ငံဖြတ်ကျော်မြစ်ကြီးလည်းဖြစ်သည်။ တိဘက်ကုန်းပြင်မြင့် တွင် မြစ်ဖျားခံ၍ တရုတ်နိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းရာတွင် မြစ်၏အမည်မှာ လန်ချန်းဖြစ်ပြီး မြန်မာနှင့် လာအိုနှစ်နိုင်ငံအကြားတွင် နိုင်ငံနယ်နိမိတ်မြစ်အဖြစ်၊ ယင်းနောက် ထိုင်း၊ ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံတို့ကို ဆက်လက်ဖြတ်သန်းစီးဆင်းရာတွင် မဲခေါင်မြစ်ဟူ၍ ဖြစ်လာကာ တောင်တရုတ် ပင်လယ်အတွင်းသို့ စီးဝင်သည်။ လန်ချန်း - မဲခေါင်မြစ်ဝှမ်းခြောက်နိုင်ငံတို့မှာ တောတောင်ရေမြေတို့ ဆက်စပ်နေသလို ယဉ်ကျေးမှုများလည်း ဆက်နွှယ်နေသည်။နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုများ နက်နက်ရှိုင်းရှိုင်းရှိသကဲ့သို့ပင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုး စီးပွားတို့မှာလည်း နီးနီးကပ်ကပ် အကျိုးချင်းထပ်လျက်ရှိသည်။

 

၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံက စတင်ကမ်းလှမ်းခဲ့သည့် လန်ချန်း-မဲခေါင်ဒေသ၌ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေး အဆိုပြုချက်နှင့် တရုတ်နိုင်ငံ၏ တက်ကြွစွာတုံ့ပြန်မှု၊ ၂၀၁၄ ခုနှစ် (၁၇) ကြိမ်မြောက် တရုတ် - အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ် လီခဲ့ချန်း အဆိုပြုသည့် လန်ချန်း - မဲခေါင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ယန္တရားနှင့် မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံတို့၏ စိတ်အားထက်သန်စွာပါဝင်မှု၊ ၂၀၁၆ ခုနှစ်တွင် ပထမအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) အစည်းအဝေးမှ ထွက်ပေါ်လာသည့် “ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာဝပြောရေးကို မျက်နှာမူသည့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေး” ဆန်းယ ကြေညာချက်တို့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား၏ သမိုင်းအစပင်ဖြစ်သည်။

 

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးယန္တရား၏ ရည်ရွယ်ချက်များသည် မြစ်ဝှမ်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေရေး၊ နိုင်ငံအသီးသီးရှိ ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်ရေး၊ ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကိုလျှော့ချရေး၊အာဆီယံအေးအတူပူအမျှအသိုက်အဝန်း အတူတကွ တည်ဆောက်မှုကို အထောက်အကူပြုရေး၊ ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များပြည့်မီအောင် တွန်းအားပေးအကောင်အထည်ဖော် ရေး၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကို တွန်းအားပေး နိုင်ရေးဟူသော ဒေသတွင်း ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဦးတည်သည့်၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားကို ဖြစ်ထွန်းစေသည့် ရည်ရွယ်ချက်ကောင်းများပင်ဖြစ်သည်။

 

လန်ချန်း - မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးယန္တရား၏ (၇) ကြိမ်မြောက် လန်ချန်း - မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ပုဂံမြို့တွင် ဇူလိုင် ၂ ရက်မှ ၅ ရက်အထိ ကျင်းပလျက် ရှိသည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) သည် စတင်လည်ပတ်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစတင်၍ တိုးတက်မှုများ လျင်လျင်မြန်မြန် ဖြစ်ပေါ်ခဲ့သလို တန်းတူညီမျှခြင်း၊ မှန်ကန်သော စေတနာဖြင့် အပြန်အလှန် ကူညီဖေးမခြင်း၊ ချစ်ကြည်ရင်းနှီးခြင်းဟူသော လန်ချန်း-မဲခေါင် ယဉ်ကျေးမှုကိုလည်း ပျိုးထောင်နိုင်ခဲ့ ပြီးဖြစ်ရာဒေသခွဲ နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတို့သည် အနာဂတ်ကာလများ တိုင်အောင် အဓွန့်ရှည်ကြာစွာ မဲခေါင်မြစ်ရေ အလျဉ်သဖွယ် တသွင်သွင် စီးဆင်းနိုင်ပါစေကြောင်း။ ။

 

မြန်မာ့အလင်း