ပုလော ၁၇ မတ်
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာအုပ်စု၊ လှည်းကျွန်းဝ ကျေးရွာတွင် လမ်းပန်းသွားလာရေး ခက်ခဲသောကြောင့် ကိုယ်ထူကိုယ်ထ မြေသားကျောက်ခင်း လမ်းခင်းသည့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
လှည်းကျွန်းဝကျေးရွာတွင် အိမ်ခြေ(၄၀)အိမ်ရှိပြီး မိုးရာသီရောက်သည့်အချိန်တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ဒေသခံများ သွားလာရပင်ပန်းသောကြောင့် နဂိုတည်ရှိသည့် မြေသားလမ်းပေါ်တွင် ထုထည် (၉)လက်မ၊ အလျား (၁) မိုင်၊ အကျယ် (၃၀) ပေရှိသော ကျောက်ခင်း မြေသားလမ်းကို မတ်လ (၁) ရက် နေ့မှစတင်၍ စက်ယန္တရားများ ငှားယူခင်းကျင်း လုပ်ကိုင်လျက် ရှိသည်။
အဆိုပါ မြေသားကျောက်လမ်းခင်းကျင်းရာတွင် ခန့်မှန်းကုန်ကျငွေ (၃၅) သိန်းကျော် ကုန်ကျမည့်ဖြစ်ပြီး ကျေးရွာအတွင်းရှိ တစ်အိမ်လျှင် ငွေ(၃) သောင်းကျပ်နှုန်း ထည့်ဝင်ကာ လိုအပ်သည့် ငွေကြေးကို လှည်းကျွန်းဝ ကျေးရွာ၌ အုတ်လုပ်ငန်းလုပ်ကိုင်နေသော ဦးသိန်းဇော်မှ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်း ကျေးရွာကော်မတီဝင် ဦးထွန်းရှိန်ထံမှ သိရသည်။
ထူးဝေယံ(ပုလော)


