mdn

လှည်းကူး ဩဂုတ် ၁၆

လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများနှင့်နှင့် နာမကျန်းလူနာများအတွက် အရေးပေါ်အောက်စီဂျင်လုံလောက်မှုရှိစေရန် ရည်ရွယ်ပြီး တစ်ရက်လျှင် အောက်စီဂျင် ၄၀ လီတာဆံ့ အိုးအလုံးရေ(၁၀၀)ခန့် ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ကို လှည်းကူးမြို့နယ်သံဃာတော်များနှင့် မြို့နယ်သူ၊ မြို့နယ်သား၊ တပည့်ဒါယကာ၊ ဒါယိကာမများ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက် ဆောက်မည်ဖြစ်ပြီး အဆိုပါအောက်စီဂျင်ထုတ်စက်တွင် (တည်အိုး)အဖြစ်အသုံးပြုမည့် ၄၀ လီတာဆံ့ အောက်စီဂျင်အိုးများ ယမန်နေ့ နံနက်ပိုင်းကရောက်ရှိခဲ့ပြီး အိုးတွင်းပါဝင်သည့် အောက်ဆီဂျင်များကို အမှန်တစ်ကယ်လိုအပ်သူများထံ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးနှင့် ဖြန့်ဝေလှူဒါန်းရေးအဖွဲ့ ထံကသိရသည်။

အောက်စီဂျင်အိုးများ ရောက်ရှိလာမှုသည် (တတိယ)အကြိမ်မြောက်ဖြစ်ပြီး လတ်တစ်လောအောက်စီဂျင် လိုအပ်မှုအခက်အခဲများကို ဖြေဆည်းပေးနိုင်ရန်အတွက် အောက်စီဂျင်ဖြည့်တင်းထားသည့် အိုးများကို မှာယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောက်ရှိလာသည့် ၄၀ လီတာဆံ့ အောက်စီဂျင်အိုးအရေအတွက်မှာ (၅၀)အိုးဖြစ်ကြောင်းသိရပြီး အိုများတွင် ပါဝင်လာသည့် အောက်စီဂျင်များကို ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ ကုသရန်နှင့် နာမကျန်းလူနာများ အသုံးပြုရန်အတွက် ပြည်သူ့ဆေးရုံနှင့် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ လူမှုရေးအသင်းအဖွဲ့၊ ပရဟိတအဖွဲ့နှင့် ကြက်ခြေနီအသင်းတို့သို့ အောက်စီဂျင်စက်ရုံတည်ဆောက်ရေး နှင့် ဖြန့်ဝေလှူဒါန်းရေးအဖွဲ့ အလုပ်အမှုဆောင် စခန်းကြီးတောရ(သုဿာန်)ဆရာတော် အနီးကပ်ကြီးကြပ်မှုဖြင့်  လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံကြီးရှေ့တွင် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် အောက်စီဂျင်စက်ရုံကို ပိုက်ကြီးဝဲကျေးရွာအနီးရှိ ရွှေလှည်းကူး(ဆန်စက်)မိသားစုမှ လှူဒါန်းထားသည့် ပေ ၄၀ x ပေ ၆၀  မြေကွက်တွင် တည်ဆောက်မည်ဖြစ်ပြီး စက်ရုံတည်ဆောက်ဆဲ ကာလတွင်အသုံးပြုရန် အလှူရှင်မိသားစုက ပေ ၄၀ x ပေ ၁၂၀ ဂိုဒေါင် တစ်လုံးနှင့် ထရန်စဖော်မာ တစ်လုံးတို့ကို ယာယီအသုံးပြုနိုင်ရန်  လှူဒါန်းပေးထားကြောင်း သိရပြီး မှာယူထားသော အောက်စီဂျင်ထုတ်စက်မှာ ယခုလနောက်ဆုံးပတ်တွင် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)