လှည်းကူး အောက်တိုဘာ ၃

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရှမ်းရွာကျေးရွာရှိ အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်းရုံး၌ ယမန်နေ့က (အခမဲ့) ကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်၍ ဒေသခံပြည်သူများကို ဆေးဝါးကုသပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ (အခမဲ့)ဆေးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် သွားလာမှုအခက်အခဲရှိသည့် လူနာများကို အသင်းပိုင်မော်တော်ယာဥ်ဖြင့် ကူညီပို့ဆောင်ပေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက် နှင့်အညီ ဆေးကုသရန်လာရောက်သည့် လူနာနှင့် လူနာစောင့်များကို နှာခေါင်းစည်းတပ်ဆင်စေခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွါခွါနေထိုင်စေရေးတို့ကို အဖြူရောင်ကြယ်တစ်ပွင့် ပရဟိတအသင်း ဦးဆောင်(ကျေးလက်ကြယ်တစ်ပွင့်)ဆရာတော် အနီးကပ်လမ်းညွှန်မှုဖြင့် အသင်းသား၊ အသင်းသူများက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

(အခမဲ့)ကုသိုလ်ပြု ဆေးကုသမှုပြုလုပ်ပေးခြင်းကို နံနက် ၉ နာရီမှ ၁၁ နာရီအထိ ၁ ကြိမ် နှင့် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ၁ ကြိမ် စုစုပေါင်း(၂)ကြိမ် ကုသပေးခဲ့ပြီး ကျန်းမာရေးမကောင်းမွန်သူ ၆၄ ဦး လာရောက်ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။

အဆိုပါ(အခမဲ့)ဆေးကုသပေးခြင်းကို ပထမအကြိမ် စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး ဆေးဝါးကုန်ကျစရိတ်များကို အသင်းနှင့် စေတနာရှင်ပြည်သူများက စုပေါင်းလှူဒါန်း၍ ဒေါက်တာကျော်စွာသူက အခမဲ့ ကုသပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)