လှည်းကူး သြဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်မှ သံဃာတော်နှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ငါးထပ်ကြီးဘုရားတန်ဆောင်းအတွင်း၌ ဩဂုတ် ၁၁ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် သံဃာတော်နှင့် သီလရှင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီအဖွဲ့နှင့် ကျန်းမရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် Volunteer များပူးပေါင်း၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကာကွယ်ဆေးများကို  ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ လှည်းကူးမြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းတိုက် များနှင့် သီလရှင်ကျောင်းတိုက်များမှ သံဃာတော်နှင့် သီလရှင် အပါး ၄၀၀ ကျော် လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)