ရန်ကုန် မတ် ၁၀
(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင် လှည်းကူးမြို့နယ် မုဆိုးညောင်ပင်ကျေးရွာ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ် မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းဖွင့်ပွဲကို တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တောင်သူများကိုယ်စား ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ယင်းနောက် ငမိုးရိပ်ရေတင်လုပ်ငန်းဆိုင်ရာ အချက်အလက်များကို ZYP ကုမ္ပဏီမှ တာဝန်ရှိသူက ပေးအပ်ရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆိုလာစနစ်ဖြင့် ငမိုးရိပ်လျှပ်စစ်မြစ်ရေတင်နှင့် ကျေးရွာမီးလင်းရေးစီမံကိန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ ဖွင့်ပွဲတွင် ဖျော်ဖြေပေးကြသည့် ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ (ငယ်)၌ ကျင်းပသည့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အသက်မွေး ဝမ်းကျောင်းပညာသင်စရိတ် ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက အသက်မွေးဝမ်းကျောင်း ပညာသင်စရိတ် ချီးမြှင့်ငွေများကို မြို့နယ်များမှ ပုံမှန်ပညာ မသင်ယူနိုင်သော ထိခိုက်လွယ်အုပ်စုတွင် ပါဝင်သည့် လူငယ်လူရွယ်များအား ပေးအပ်ကြရာ လူငယ်လူရွယ်များကိုယ်စား လူငယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)


