လှည်းကူး  ၁၆ ဇွန်  

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ တရားမဝင် သစ်ခွဲသားများတင်ဆောင်လာသော (၆)ဘီးယာဉ် တစ်စီးကို ဇွန်(၁၄)ရက် ညနေ(၃) နာရီခွဲအချိန်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။   

 

0856

 

ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွဏ်းဦးဆောင်သော သစ်တောဝန်ထမ်းအဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် တရားမဝင်သစ် သယ်ယူမှုမရှိစေရေး ဆောင်ရွက်နေစဉ် 1M/-------FUSO(၆)ဘီး၊ ဖြူစိမ်းကြားအရောင်ယာဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် (၁၂/၃)ရှိလမ်းပေါက်မှ လှည်းကူး-ဖောင်ကြီးကားလမ်ပေါ်သို့တက်၍ လှည်းကူးဘက်သို့ မောင်းနှင်သွားသဖြင့် မသင်္ကာ၍ လိုက်လံစစ်ဆေးခဲ့သည်။

 

31002

 

အဆိုပါယာဉ်မှာ တာဆုံအရောက်တွင် ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီးအတိုင်း ရန်ကုန်ဘက်သို့ ဦးတည်မောင်းနှင်သွားသဖြင့် ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီး လှည်းကူးမြို့ထွက် Toll Gate အရောက်တွင် တားဆီး၍ ဖွင့်ဖောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် အခြားခွဲသား(၁၂၄)ချောင်း၊ (၇.၁၅၄၈)တန်အား ယာဉ်မောင်း စောလားပဲ(ခ)ဓူဝံနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။    

ဖမ်းဆီးရရှိမှုနှင့်ပတ်သက်၍ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်၊ ပစ္စည်းပိုင်ရှင်နှင့်ဆက်စပ်တရားခံများအား သစ်တောဥပဒေပုဒ်မ-၄၁(က)ဖြင့် လှည်းကူး မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။    

နိုင်လင်း(လှည်းကူး)