နေပြည်တော် ၂၁ ဖေဖော်ဝါရီ 

 

ဒါးပိန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီခွဲက လှည်းကူးမြို့နယ်၊ အမှတ်(၂)လမ်းမကြီး၊ ဆားတလင်းလမ်းဆုံတွင်  ကျော်နိုင်ဦး (ခ) ကျုံးကျင်လု မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားရပ်တန့် ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဆက်လက်၍ လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာအုပ်စု၊ ပေါက်စောက်ကျေးရွာရှိ ကြက်ခြံကိုရှာဖွေရန် ရောက်ရှိစဉ်  အောင်ဇော်ဦး (ခ) အားဝေအား Kluger အမျိုးအစား မော်တော်ယာဉ်နှင့်အတူ တွေ့ရှိသဖြင့် ရှာဖွေရာ ကာလတန်ဖိုး ငွေကျပ် ၅၄၁၂၈ ဒသမ ၃ သိန်းတန်ဖိုးရှိ  အိုက်စ်ဘလောက်တုံး  ၁၉၉ တုံး၊ (အိုက်စ် အလေးချိန် ၆၇.၆၆ ကီလို)နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ဖေဖော်ဝါရီ ၂၀ ရက် မွန်းလွဲ ၁ နာရီက  မူးယစ်တပ်ဖွဲ့စု(၂) မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာနေ ကျော်နိုင်နှင့် မအေးခွန်တို့၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀၊  ဘိန်းဖြူ ၁၈၇ ဂရမ်နှင့် ငွေ ၆၅၀ဝ ကျပ် တို့ကိုလည်းကောင်း၊ အလားတူ မူးယစ်တပ်ဖွဲ့စု(၁) ဗန်းမော်မှတပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်၊ ကျောက်စခန်းစစ်ဆေးရေးစခန်းတွင် အင်ယော်နော်ရိန် (ခ) နော်ရိန် မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၉၁၃ ဂရမ်နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ယနေ့နံနက် ၂ နာရီက မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး (မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် ကျောက်ချောစစ်ဆေးရေး စခန်းတွင် ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ခရီးသည် ဝိုင်းအုံချစ် (ခ) ကိုအိုင်းအနီးမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ဝ၀ ၊ ဘိန်းဖြူ ၉ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

 

(ကိုရဲ)