လနယုန် သည်ချိန်မို့ မြူတိမ်လွှာဆိုင်းပြန်တော့တယ်

၁၈  ဇွန်

 

နယုန်လသည် မြန်မာ့ပြက္ခဒိန်တွင် တတိယမြောက်လဖြစ်သည်။ ရှေးစာဆိုပညာရှင်များက နွေနှောင်းလ၊ နွေစွန်လစသည်ဖြင့် ဖွဲ့နွဲ့ခဲ့ကြသည်။ နွေနှောင်းလဖြစ်သကဲ့သို့ မိုးဦးလလည်းဖြစ်သည်။ ထို့ကြောင့် နေပူရှိန်လျော့နည်းကာ မိုးသားများ မဲမှောင်အုံ့ဆိုင်းလျက်ရှိသည်။ အထူးသဖြင့် နယုန်လတွင် တိမ်အရေးသည်လည်း ညိုတစ်ခါ၊ မှုန်တစ်လှည့်နှင့် ဆိုင်းဆိုင်းတွဲ့တွဲ့ ဖြစ်နေသည်။ ရှေးစာဆိုတော်ကြီး မဟာအတုလမင်းကြီးက လနယုန် သည်ချိန်မို့ မြူလွှာဆိုင်းပြန်တော့တယ်လေးဟူ၍ စာဖွဲ့ခဲ့သည်။ နယုန်လသည် မိုးကျသောကာလ မိုးရွာသောလဖြစ်၍ မိုးထစ်ချုန်းသံများကို စတင်ကြားကြရပြီး မိုးအသင့်အတင့် ရွာသွန်းမှုကြောင့် သစ်ပင်သစ်တောတို့သည် ပုရစ်ညွန့်သစ်တို့ဖြင့် စိုစိုလွင်လွင်ရှိလှသည်။ တောလုံးခွင်ကိုကြည့်လိုက်ပါက ဝါဝါရှိန်းမြပင်တိုင်းလှလျက် ရှိနေကြပြီဖြစ်သည်

 

နယုန်လ၏ အဓိပ္ပာယ်

 

နယုန်လကို ပုဂံခေတ်၌ နယုန်၊ နံမျုန်ဟု သုံးနှုန်းခဲ့သည်။ အနက်အဓိပ္ပာယ်မှာ နံသည် အချိန်ကာလ၊ ယုန်သည် မိုး၊ စီးဆင်းခြင်းဖြစ်သောကြောင့် နယုန်လ၏အဓိပ္ပာယ်မှာ မိုးရွာသောလဟူ၍ဖြစ်သည်။ နယုန်လတွင် နေ့နာရီ ၃၄ ၊ ညနာရီ ၂၆ ရှိသည်။ နယုန်လ၏ ရက်ရာဇာမှာ အင်္ဂါသို့မဟုတ် အင်္ဂါနှင့် ကြာသပတေးနေ့များ ဖြစ်သကဲ့သို့ တနင်္လာနှင့် တနင်္ဂနွေတို့မှာ ပြဿဒါးရက်များဖြစ်သည်။ နယုန်လတွင် နေထွက်ချိန်မှာ နံနက် ၅ နာရီ ၁၂ မိနစ်ဖြစ်ပြီး နေဝင်ချိန်မှာ ညနေ ၆ နာရီ ၄၈ မိနစ်ဖြစ်၍ နေထွက်ချိန်သည် ကဆုန်လထက် ၂၄ မိနစ်စောသည်။ နေဝင်ချိန်မှာ ၂၄ မိနစ်နောက်ကျသည်။ နယုန်လတွင် နေမင်းသည် မေထုန်ရာသီကို နောက်ခံထားလျက် မျက်မြင်အားဖြင့် အရှေ့ဘက်မှ အနောက်ဘက်သို့ ယွန်းနေသောကြောင့် မေထုန်ရာသီဟု ခေါ်ခဲ့ကြသည်။ နယုန်လပြည့် ညသန်းခေါင်၌ လမင်းသည် ဇေဋ္ဌနက္ခတ်၊ တံငါတာရာတို့နှင့် တောင်-မြောက် ယှဉ်ပြိုင်ထွန်းလင်းပြီး မွန်းတည့်သည်။ ထို့ကြောင့် နယုန်လကို မွန်းတည့်နက္ခတ်၊ အမည်အားဖြင့် ဇေဋ္ဌဟုခေါ်ဝေါ်ခဲ့သည်။ နယုန်လ၏ ရာသီပန်းမှာ မုလေး(မြတ်လေး) ပန်းနှင့် စံပယ်ပန်းတို့ဖြစ်၍ ရာသီပွဲတော်မှာ စာတော်ပြန်ပွဲဖြစ်သည်။

 

စာတော်ပြန်ပွဲ

 

နယုန်လ မေထုန်ရာသီတွင် စာပေကျမ်းဂန်သင်ကြားနေကြသော ပုဂ္ဂိုလ်တို့ စာပြန်ရသော စာပြန်ပွဲတော်ကို ကျင်းပသည်။ စာပြန်ပွဲခေါ် စာတော်ပြန်ပွဲကို သမိုင်းစာမျက်နှာ၌ အစောဆုံးတွေ့ရသည်မှာ ဒုတိယအင်းဝခေတ် သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၀ဝ၀ ပြည့်နှစ် ဖြစ်သည်။ မှန်နန်းရာဇဝင်ကြီး တတိယတွဲ ၂၃၉ ၌ သက္ကရာဇ် ၁၀ဝ၀ ပြည့်နှစ်တွင် ကျမ်းဂန်သင်ကြားသော သာမဏေတို့ကို သင်ကျမ်းကို ဆရာတို့မေးရသည်။ အနက်အဓိပ္ပာယ်ကို ဆိုနိုင်သော သာမဏေတို့ကို ပဉ္စင်း ၁၀၈ ပါး၊ သာမဏေ ခုနစ်ပါး၊ ထိုနှစ် ကဆုန်လဆန်း ၁၄ ရက် တနင်္ဂနွေနေ့ မွန်းတည့်ကျော် ၂ နာရီ ၃ ပါဒ်တွင် ပဉ္စင်းခံတော်မူသည်ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့် ပညာရှင်များက သာလွန်မင်းတရားကြီးလက်ထက် ၁၀ဝ၀ ပြည့်နှစ်တွင် စာတော်ပြန်ပွဲကို စတင်ကျင်းပခဲ့ကြောင်း လက်ခံအတည်ပြုထားကြသည်။ အင်ရုံစာတမ်းခေါ် လောကဗျူဟာကျမ်းတွင် အင်းဝမင်းများ နယုန်လ၌ စာတော်ပြန်ပွဲသဘင်ကျင်းပပုံကို အင်ရုံဝန်ကြီးက စုံလင်စွာဖော်ပြထားခဲ့သည်။ သမိုင်းမှတ်တမ်းများ၌ စတင်တွေ့ရှိရသည့် သာလွန်မင်းတရားကြီးလက်ထက်မှ သီပေါမင်းလက်ထက်အထိ မင်းဆက်တချို့ စာတော်ပြန်ပွဲကျင်းပသော အကြောင်းကို မှန်နန်းရာဇဝင်၊ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးနှင့် သမိုင်းမှတ်တမ်းများတွင်မူ ဖော်ပြထားခြင်းမရှိပေ။ အချို့မင်းများလက်ထက် ကျင်းပသော ပထမစာတော်ပြန်ပွဲများသည် မှတ်တမ်းမတင်ခဲ့ခြင်းကြောင့် သမိုင်းတွင် မပါရှိခြင်းပင်ဖြစ်သည်။ မင်းစဉ်မင်းဆက်အားလုံး အဆက်မပြတ် ပထမစာတော်ပြန်ပွဲသဘင်ကို ကျင်းပခဲ့ကြသည်ဟု ကောက်ချက်ချနိုင်သည်။

 

ပထမစာပြန်ပွဲသဘင်ကို နယုန်လဆန်းမှစ၍ နယုန်လကုန်အထိ တစ်လကျင်းပခဲ့သည်။ ကုန်းဘောင်ခေတ်၌ နယုန်လဆန်း ၈ ရက်မှ ဝါဆိုလဆန်း ၈ ရက်အထိ တစ်လကျင်းပခဲ့သည်။ မြန်မာမင်းများ နယုန်လ၌ စာတော်ပြန်ပွဲ သဘင်ကျင်းပကြခြင်းမှာ နယုန်လသည် သာသနာ့ဝန်ထမ်း ရှင်ရဟန်းများအတွက် စာသင်နှစ်၏ နောက်ဆုံးလဖြစ်သော ကြောင့်ဖြစ်သည်။ စာသင်နှစ် ပထမလမှာ ဝါဆိုလဖြစ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိဆရာတော်၊ သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁ ရက်နေ့၌ ဝါဆိုတော်မူကြသည်။ ထို့နောက် စာဝါသစ်များကို စတင်ပို့ချသင်ယူကြသည်။ ဝါတွင်းကာလ၌ အရပ်တစ်ပါးသို့ ညအိပ်ခရီးမသွားရန်၊ အချိန်ရှိသမျှ စာပေပို့ချလေ့လာ ဆည်းပူးနိုင်သော အချိန်လည်းဖြစ်သည်။ ဆောင်းရာသီ၊ နွေရာသီများ၌ လွတ်လပ်စွာခရီးသွားနိုင်ကြပြီး မိုးရာသီကဲ့သို့ စာချစာတက်မှန်လေ့ မရှိကြပေ။ ထို့ကြောင့် စာသင်နှစ်၏နောက်ဆုံးလဖြစ်သည့် နယုန်လရာသီတွင် စာတော်ပြန်ပွဲကျင်းပခြင်းပင် ဖြစ်သည်။ အထူးသဖြင့် စာတော်ပြန်ပွဲကို ရှေးဘုရင်မင်းများက သာသနာ့အာဇာနည်များ ပေါ်ထွက်ရန်ရည်သန် ကျင်းပကြခြင်းပင် ဖြစ်သည်။ ယခုအခါမှာလည်း နိုင်ငံတော်အစိုးရက အစဉ်အလာမပျက် ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်စဉ် ပထမငယ်၊ ပထမလတ်၊ ပထမကြီးနှင့် ဓမ္မာစရိယစာချတန်းများအပြင် ပိဋကတ်သုံးပုံရေးဖြေအာဂုံစာမေးပွဲများကို ကျင်းပပေးလျက် ရှိသည်။

 

မဟာသမယအခါတော်နေ့

 

နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့အဖြစ် သတ်မှတ်ကြသည်။ တစ်နည်းအားဖြင့် ဗုဒ္ဓမြတ်စွာဘုရားရှင် လက်ထက်တော်၌ ဖြစ်ပေါ်လာခဲ့သော ငြိမ်းချမ်းရေးဆောက်တည်ရာ နယုန်လပြည့် မဟာအခါတော်နေ့ဟူ၍လည်း ဆိုနိုင်သည်။ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော်အခါက ကပိလဝတ်ပြည်နှင့် ကောလိယပြည် လယ်သမားများသည် နှစ်ပြည်ထောင်ကြားရှိ ရောဟဏီမြစ်ရေလုကြရာမှစ၍ အဆင့်ဆင့် ရန်ပွဲကြီးဖြစ်ရာ နှစ်ပြည်ထောင်တို့ စစ်ခင်းကြရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ရောဟဏီမြစ်ဘေးတွင် နှစ်ဖက်လုံးပင် တုတ်၊ ဓား၊ လက်နက်များ ကိုင်ဆောင်ထားပြီး ထိုးခုတ်တော့မည့် အနေအထားဖြစ်နေစဉ်မှာပင် ဗုဒ္ဓမြတ်စွာဘုရားရှင် ရောက်ရှိလာခဲ့သည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်က အချင်းချင်းခိုက်ရန်ဖြစ်ပွားခြင်း၏ အပြစ်ကိုလည်းကောင်း၊ အချင်းချင်း စည်းလုံးညီညွတ်ခြင်း၏ အကျိုးကိုလည်းကောင်း ငါးရာ့ငါးဆယ်လာ ဇာတ်တော်များဖြင့် ဟောကြားတော်မူခဲ့သည်။

 

ယင်းဇာတ်တော်များမှာ ဝက်ဝံနှင့် ရုက္ခစိုးနတ်တို့ ရန်ငြိုးဖွဲ့မှား၍ နှစ်ဦးစလုံး ပျက်စီးကြပုံကိုပြဆိုသော ဖန ́နဇာတ်၊ မြေပြိုပါပြီဟူသော ထင်ကြေးဖြင့် ဟစ်အော်ထွက်ပြေးသည့် ယုန်တစ်ကောင်၏ စကားကိုယုံမှား၍ တိရ္ဆာန်များ အပြေးမှားပြီး ဆင်းရဲဒုက္ခရောက်ကြပုံကို ပြဆိုသော ဒုဒ္ခုဘဇာတ်” (ပထဝီဥန္ဒြိယဇာတ်)၊ အားသေးသော နှံစုတ်ငှက်မက အားကြီးသည့် ဆင်ပြောင်ကြီးကို အနိုင်ယူဖူး၍ ရန်သူကို အထင်မသေးသင့်ပုံကို ပြဆိုသော လဋုကတိဇာတ်၊ ညီညွတ်စဉ်အခါက ရန်သူ၏လက်မှ လွတ်မြောက်ခဲ့ သော်လည်း စိတ်ဝမ်းကွဲ၍ အချင်းချင်းမညီမညွတ်ဖြစ်လာ သောအခါ ငုံးငှက်များ မုဆိုး၏ ပိုက်ကွန်၌ အမိခံရပုံကို ပြဆိုသော သမ္မောဒမာနဇာတ်၊ သက်မဲ့ဖြစ်သော သစ်ပင်များပင် တစ်စုတစ်ဝေးတည်းတည်နေ၍ လေဘေးအ္တရာယ်မှ ကင်းဝေးနိုင်ပုံကို ပြဆိုသော ရုက္ခ ဓမ္မဇာတ်နှင့် မိမိကိုယ်ကို ထိန်းသိမ်းဆုံးမသည့် အတ္တဒဏ္ဍသုတ်တို့ပင်ဖြစ်သည်။

 

ထိုကဲ့သို့ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ငါးရာ့ငါးဆယ်လာ ဇာတ်တော်များဖြင့် ဟောကြားခဲ့ရာ နှစ်ပြည်ထောင်မင်းတို့ စစ်ပြေငြိမ်းခဲ့ကြသည်။ ထို့ကြောင့် နှစ်ပြည်ထောင်တို့သည် သွေးချောင်းစီးမည့်အရေးမှ စစ်ပြေငြိမ်းစေခဲ့သော ဗုဒ္ဓမြတ်စွာဘုရားရှင်ကို ကျေးဇူးတင်လွန်း၍ တစ်ဖက်လျှင် မင်းသား ၂၅၀ စီဖြင့် မင်းသား ၅၀ဝ တို့အား သာသနာ့ ဘောင်သို့ သွတ်သွင်းခဲ့သည်။ ထိုရဟန်းငယ် အပါး ၅၀ဝ တို့ သည် ဗုဒ္ဓမြတ်စွာဘုရားရှင်အား ဝန်းရံလုပ်ကျွေးခဲ့သော်လည်း မိမိတို့၏ ဇနီးမယားတို့ကို အောက်မေ့တမ်းတမိပြီး သာသနာ့ဘောင်၌ မပျော်မွေ့နိုင်ကြပေ။ ထိုအခါ ဗုဒဓမြတ်စွာဘုရားရှင်က ဂါထာသုံးရာဖြင့် တန်ဆာဆင်အပ်သော ကုဏာလဇာတ်တော်ကို ဟောကြားဆုံးမခဲ့ရာ ရဟန်းငါးရာလုံး သောတပန်တည်သွားကြသည်။

 

ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကုဏာလရေအိုင်မှ ကပိလဝတ်ပြည်အနီးရှိ မဟာဝုန်တောကြီးသို့ ပြန်လည်ကြွတော်မူသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ နောက်တော်မှ လိုက်ပါလာသည့် ရဟန်းငါးရာတို့သည် မဟာဝုန်တောကြီးအတွင်း၌ ဆက်လက်တရားအားထုတ် ကြရာ အားလုံးရဟန္တာ ဖြစ်သွားခဲ့သည်။ ရဟန္တာငါးရာတို့သည် နယုန်လပြည့်နေ့ ညချမ်းအချိန်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ရှေ့မှောက်သို့ စုဝေးရောက်ရှိလာသည်။ ထိုသို့ စုဝေးရောက်ရှိ လာကြကုန်သော ထူးကဲလှသည့် သံဃာ့အစည်းအဝေးကြီးကို ဖူးမြော်ကြည်ညိုလိုကြသော နတ်၊ ဗြဟ္မာ၊ အသူရာ၊ နဂါး၊ ဂဠုန်တို့သည် မဟာဝုန်တောကြီးသို့ အုပ်စုလိုက် စုရုံးရောက်ရှိလာကြရာ မဟာဝုန်တောကြီးဝန်းကျင်၌ စကြဝဠာ တိုက်တစ်သောင်းမှ စုဝေးရောက်ရှိလာကြသော နတ်ဗြဟ္မာတို့ဖြင့် ပြည့်ကျပ်သွားသည်။ ထိုသို့ ပြည့်ကျပ်လွန်းသဖြင့် ခန္ဓာကိုယ်ကို မှုန်မှုန်မွှားမွှားကလေးဖြစ်အောင် ဖန်ဆင်းနေကြရသည်။ ထိုကဲ့သို့ နယုန်လပြည့်နေ့တွင် နတ်ဗြဟ္မာများ စုရုံးစည်းဝေးကြသည့်အခါကို မဟာသမယဟုခေါ် ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် များစွာသော နတ်ဗြဟ္မာအပေါင်းတို့၏ အစည်းအဝေးကြီးဟု ဆိုလိုခြင်းဖြစ်သည်။ ယင်းနတ်သဘင်အစည်းအဝေးတွင် ဗုဒ္ဓမြတ်စွာဘုရားရှင်က နတ်ဗြဟ္မာတို့၏ အမည်နာမအမျိုးမျိုးကို ထုတ်ဖော်မြွက်ကြား နှုတ်ဆက်သော စကားတော်များကို မဟာသမယသုတ်ဟုခေါ်ဝေါ်ခြင်းပင် ဖြစ်သည်။

 

မဟာသမယသုတ်တော်ကို ရွတ်ဖတ်သရဇ္ဇျာယ်ခြင်းအားဖြင့် ဘေးဒဏ်အန္တရာယ်ရန်စွယ်ခပ်သိမ်း၊ ကင်းငြိမ်းချမ်းသာ နတ်ဗြဟ္မာအပေါင်း နှစ်ထောင်းအားရ အလွန်ချစ်မြတ်နိုးမှုခံရခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော နတ်တို့ကိုလည်း စိတ်နှလုံး နူးညံ့စေခြင်း၊ တစ္ဆေ၊ မြေဘုတ်ဘီလူးတို့ နှောင့်ယှက်မှုဘေးမှ ကင်းဝေးခြင်းစသည့် အကျိုးကျေးဇူးများစွာ ရရှိစေသော ကြောင့် မြူတိမ်လွှာဆိုင်းတတ်သော နယုန်လအခါသမယ၌ မဟာသမယသုတ်တော်ကို ရွတ်ဖတ်ပူဇော်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

 

တက္ကသိုလ်ပွင့်သူအောင်