စလင်း ၃၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲလျက်ရှိသော အများပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ယခုလကုန်ပိုင်း မှစတင်၍ ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရသည်။
အဆိုပါ ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံရှိ 33/11kV စလင်းဖီဒါ(၂) အား 11 kV စလင်းတပ်နယ်လိုင်းနှင့် 11 kV ကန်ပြားဖီဒါသို့ ပေးပို့လျှက်ရှိသော ဓာတ်အားလိုင်းအား သီးခြားခွဲထွက်ခြင်း လုပ်ငန်းနှင့် ACSR အလူမီနီယံကြိုးများ နေရာတွင် 12 kV Rated AWOC 95 မီလီမီတာ ကာဗာကြိုးများဖြင့် အစားထိုးလှဲလှယ်ခြင်း၊ ၁၀ မီတာဓာတ်တိုင်များအား ၁၂ မီတာ ကွန်ကရစ်တိုင်များဖြင့် အစားထိုးလှဲလှယ်ခြင်းနှင့် ပေါင်းပဇင်းရပ်ကွက် 315 kVA ထရန်စဖော်မာရှိ Phase မစုံသော HDBC (No 4,6,8)ကြေးကြိုးများနှင့် ACSR 35 မီလီမီတာ အလူမီနီယံလိုင်းကြိုးများနေရာများတွင် လျှပ်စစ်အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် အရည်အသွေး ကောင်းမွန်သော Insulated Aluminum Conductor 95,70,35 မီလီမီတာ ကာဗာကြိုးများဖြင့် အရှည်ပေ ၉၁၅၀ အား အစားထိုး လဲလှယ်ခြင်းများကို ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယခင်အသုံးပြုလျှက်ရှိသော လျှပ်စစ်ဓါတ်ကြိုးတွေက ကြိုးဆိုဒ်မညီခြင်းနှင့် နှစ်ကာလကြာမြင့်လာသဖြင့် ရာသီဥတုဒဏ်ကြောင့် ပြတ်ကြနိုင်ပြီး လူနှင့်တိရစ္ဆာန်တွေကို အန္တရာယ်ဖြစ်နိုင်ခြင်းကြောင့် ယခုလို Insulated Aluminum Conductor ကာဗာကြိုးများဖြင့် အစားထိုး လဲလှယ်ခြင်းဖြစ်ကြောင်း၊ ဓါတ်အားလိုင်းကြိုးများ မတော်တဆ ပြုတ်ကျပါက ဓါတ်လိုက်မှု မရှိစေရန် Earth ring နှင့် Earth bar များတပ်ဆင်ခြင်း၊ ဓာတ်အားလိုင်းကြိုးများ ပြုတ်ကျခြင်းမှ ကာကွယ်ရန် Line guard များနှင့် Line link connecting များ တပ်ဆင်ခြင်း၊ Distribution Box များ တပ်ဆင်ခြင်း၊ မိုးရာသီကာလ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို အချိန်မီ ပြီးစီးနိုင်ရေး အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးလင်းအောင်မှ ပြောပြချက်အရ သိရသည်။
စိုးမိုးသူ(စလင်း)


